ဩဂုတ်၊ ၂၆
ထိုင်းနိုင်ငံအတွင်းနေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ MoU သမားတွေ အနေနဲ့ နိုင်ငံကူး လက် မှတ်သက်တမ်း နှစ်နှစ်နဲ့အထက် ကျန်ရှိရင် နယ်စပ်မှာပဲ သက်တမ်းတိုးနိုင်အောင် စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဘန်ကောက်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
MoU သက်တမ်းတိုးဖို့အတွက် အရင်ကလို ရန်ကုန်အထိပြန်စရာမလိုဘဲ နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီနဲ့ ကော့ သောင်းမြို့တွေမှာ သက်တမ်းတိုးနိုင်ဖို့ စီစဉ်နေပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်မယ်လို့ ဘန်ကောက်မြို့က မြန်မာသံရုံးကဆိုပါတယ်။
ဒီလို MoU သက်တမ်းတိုးသမားတွေကို စက်ရုံဘက်က တာဝန်ယူကာ သက်တမ်းတိုးဖို့စေလွှတ်ရမှာဖြစ်ပြီး အလုပ် သမားတွေအနေနဲ့ မူလရှိထားပြီးသား ရာထူးလစာတွေအတိုင်း ပြန်လည်ခံစားခွင့်ရှိမှာ ဖြစ်တယ်လို့ မဟာချိုင် အ လုပ်သမားရုံးက တာဝန်ရှိသူတဉီးဖြစ်တဲ့ ကိုအနုစော်က ရှင်းပြပါတယ်။
“ဒီအလုပ်သမားဟာ အမှန်တကယ် သက်တမ်းသွားတိုးဖြစ်တယ်၊ဉပဒေညီတယ်ဆိုရင် ဒါကို သက်တမ်းတိုးဖို့ အ လုပ်ရှင်က မလုပ်ပေးတာဖြစ်ဖြစ် ပြန်လာတဲ့အခါမှာ အရင်မူလ တာဝန်လစာတွေ မပေးတာပဲဖြစ်ဖြစ် ကျွန်တော် တို့ကို တိုင်လို့ရတယ်”လို့သူကပြောပါတယ်။
အခုအစီအစဉ်မှာ အကြုံးဝင်တဲ့ MoU/ U-Turn သမားတွေအနေနဲ့ One Stop Service စနစ်နဲ့ ထိုင်းနိုင်ငံက သက် ဆိုင်တဲ့ လုပ်ငန်းခွင်အသီးသီးဆီရက်တိုတိုနဲ့ ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပြီး အခုအစီအစဉ်နဲ့ ပတ်သက်လို့ လုပ် ငန်းခွင် HR Manager တွေကို အသိပေးအကြောင်းကြားထားဖို့လိုတယ် လို့ သံရုံးကအသိပေးထားပါတယ်။
“အခုက ဟိုးအထဲထိပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေအတွက် ဒီလိုလုပ်ပေးတာက ကောင်းတယ်။ ဉပဒေဘောင်လည်းဝင်တာကြောင့် ဒီဘက်က အလုပ်ရှင်တွေက ချိုးဖောက်တယ်ဆိုရင် ကျွန်တော်တို့ ကူညီ လို့ရတယ် ” လို့ ကိုအနုစော်က ပြောပါတယ်။
လက်ရှိအချိန်မှာ ထိုင်းရောက် မြန်မာရွေ့ပြောင်းအလုပ်သမားတွေဟာ နိုင်ငံရေး အခြေအနေမတည်ငြိမ်တာ ၊နေရပ်ဒေသမှာတိုက်ပွဲတွေပြင်းထန်နေတာ၊ MoU သက်တမ်းတိုးဖို့အတွက် ပြန်ပေမယ့် အေဂျင်စီတွေက စာ ချုပ်ဆက်မချုပ်ပေးတာ စတဲ့ပြဿနာတွေကြောင့် သက်တမ်းတိုးဖို့ကို တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။
“ဒီလိုလုပ်တာက အလုပ်သမားတွေအတွက်တော့ အများကြီးကောင်းပါတယ်၊အခုက နယ်မြေမတည်ငြိမ်တော့ MoU သမားတွေက ရန်ကုန်အထိပြန်တာ၊သူတို့နယ်တွေအထိပြန်တာတွေ မလုပ်ချင်ကြတော့ဘူးလေ၊ ဒီအစီ အစဉ်သာ အကောင်အထည်ပေါ်လာရင်တော့ ကောင်းတဲ့အလားအလာပါပဲ” လို့ ထိုင်းရောက် မြန်မာအလုပ် သ မားတွေကို ကူညီပေးနေတဲ့AAC (လက်တွဲကူညီ) ရဲ့ ဒါရိုက်တာ ဉီးခိုင်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွေ့ပြောင်းအလုပ်သမား သန်းကျော်ရှိပြီး တရားမဝင်နေထိုင်သူတွေပါ ပေါင်းရင် ခြောက် သန်းဝန်းကျင်ရှိနိုင်တယ်လို့ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။