ယင်းမာပင်PDFတပ်ရင်းလေးခု MRDAကနှုတ်ထွက်ပြီးNUG တပ်ရင်းတွေအဖြစ်ရပ်တည်မယ်လို့ကြေညာ

သြဂုတ် ၊ ၂၆

ဗိုလ်နဂါးဦးဆောင်တဲ့ MRDA လက်အောက်ခံတပ်ရင်းအဖြစ် ဆက်လက်မရပ်တည်ဘဲ NUG ကာကွယ်ရေးဝန် ကြီး ဌာန လက်အောက်ခံအဖြစ် ရပ်တည်ဖို့ဆုံးဖြတ်တာဟာ သဘောထားမတိုက်ဆိုင်တော့တာကြောင့်လို့ ယင်း မာပင်ခရိုင် PDF တပ်ရင်း(၃) တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

“တော်လှန်ရေးမှာသဘောထားမတိုက်ဆိုင်ဘူးဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါပဲ၊ ပြည်သူတွေအနေနဲ့ အား ငယ်စိတ်ဓာတ်ကျတာမျိုးမဖြစ်စေချင်ဘူး၊ဒါကပြိုကွဲသွားတာလည်းမဟုတ်ဘူး၊ဒါကတော်လှန်ရေးမှာ တခန်း ရပ်တဲ့ သဘောမျိုးပေါ့”လို့သူကပြောပါတယ်။

ယင်းမာပင် ခရိုင်အခြေစိုက် PDF တပ်ရင်း လေးခုဟာ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA လက်အောက်ခံဖြစ်ပေမယ့် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆင့်ကဲကွပ်ကွဲမှုစနစ်အတွင်းက တပ်ရင်းတွေအဖြစ် နှစ်ဖက် သဘောတူညီချက်အရ ရပ်တည်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိမှာတော့ ဗိုလ်နဂါး ဦးဆောင်ဝယ်ယူပေးခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုပြန်လည်အပ်နှံပြီး MRDA က နှုတ်ထွက်ကာ NUG တပ်ရင်းတွေအဖြစ်သာ သီးခြားရပ်တည်တော့မှာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် PDF တပ် ရင်း (၃) (၄) (၅) (၆) တို့ရဲ့ တပ်ရင်းမှူးတွေက ဒီကနေ့စုပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြပါတယ်။

“အဓိကထုတ်ပြန်ရတာကတော့ MRDA က ဗိုလ်နဂါးရဲ့ ဦးဆောင်မှုအောက်မှာ မရှိတော့ဘဲနဲ့ အရင်ကတည်း က လည်း MOD အောက်ကနေ ရင်း ၄ ရင်းအဖြစ် ဆက်အလုပ်လုပ်မယ်ဆိုတဲ့အကြောင်းကို အသိပေးတာပေါ့နော်၊ သူဆီက လက်နက်တွေကိုလည်း ပြန်အပ်ခဲ့တယ် ” လို့ ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် (၃)တာဝန်ရှိသူ ကပြော ပါတယ်။

အခုလို လက်အောက်ခံတပ်ရင်းတွေအဖြစ်ကနေ နှုတ်ထွက်ခဲ့ကြတာနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေတွေ ကိုတော့ လတ်တလောပြောဖို့ သူကငြင်းဆိုပြီး ထုတ်ပြန်ချက်အတိုင်းသာဖြစ်တယ်လို့ပြောပါတယ်။

အဲ့ဒီတပ်ရင်းလေးခုကို အခုလကစလို့ NUG ကအထောက်အပံ့တွေရပ်ဆိုင်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကွဲမှုအောက်ရှိတပ်ရင်းတွေအဖြစ်ကနေ ပယ်ဖျက်လိုက်ကြောင်း ဗိုလ်နဂါးက အသိပေးခဲ့တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင်ဗိုလ်နဂါးကိုယ်တိုင်ကလည်း အမျိုးသားညီညွတ်ရေး  အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ မရပ်တည်တော့ ဘဲ ဗမာ အမျိုးသားတော်လှန်ရေးတပ်မတော်အဖြစ် သီးသန့်ဖွဲ့စည်းရပ်တည်ဖို့ လက်အောက်ခံ တပ်မှူးတွေကို အသိပေးခဲ့တယ်လို့ဆိုပါတယ်။

NUG တပ်ရင်းတွေအဖြစ်ကနေ ပယ်ဖျက်ခံရတာနဲ့ပတ်သက်လို့ တပ်ရင်းမှူးတွေဘက်ကတော့ ဘာကြောင့်ပယ် ဖျက်ခံရတယ်ဆိုတာကို ကိုယ်တိုင်ဆက်သွယ်မေးမြန်းလိုကြောင်းနဲ့ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကွဲမှုအောက်မှာ သာ ဆက်လက်ရပ်တည်ဖို့ဆွေးနွေးသင့်ကြောင်း တုံ့ပြန်ခဲ့ကြတယ်လို့လည်းဖော်ပြထားပါတယ်။

အဲ့ဒီလိုတုံ့ပြန်မှုအပေါ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကွပ်ကွဲမှုအောက်မှာရပ်တည်လိုပါက သူဦးဆောင်ဝယ်ယူ ထား တဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေ ပြန်လည်အပ်နှံရမယ်လို့ ဗိုလ်နဂါးကဆုံးဖြတ်တာကြောင့် ပြန်လည် အပ်နှံကာ MRDA ဦးဆောင်မှုအောက်က နှုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း အဲ့ဒီတပ်ရင်းလေးခုကို လက်အောက်ခံတပ်ရင်းတွေအဖြစ် ဆက် လက်အသိအမှတ်ပြုကြောင်း အကြောင်းပြန်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီတပ်ရင်းလေးခုနဲ့ ပတ်သက်ပြီး NUG က အထောက်အပံ့တွေရပ်ဆိုင်းလိုက်တယ်လို့ MRDA တပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်နဂါးက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေထုတ်ဖော်ပြောဆိုထားတာပါ။

ဗိုလ်နဂါးကိုယ်တိုင် ထုတ်ဖော်ပြောဆိုမှုနဲ့ ဒီကနေ့ထွက်ပေါ်လာတဲ့ တပ်ရင်း လေးခုရဲ့ထုတ်ပြန်ချက်အကြား ကွဲ လွဲမှုတချို့လည်း ရှိနေပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့ ဗိုလ်နဂါးဘက်ကိုတော့ DNAအနေနဲ့ ဆက်သွယ် မေး မြန်းနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကိုင်းတိုင်း ပုလဲနယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ MRDA တပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်နဂါးဟာ တော်လှန်ရေးကာလအစောပိုင်းကတည်းက ဒေသအခြေစိုက် တော်လှန်ရေး ခေါင်းဆောင်တဦးအဖြစ် လူသိ များခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အဲ့ဒီတပ်ဖွဲ့နဲ့ ပတ်သက်လို့ ဝေဖန်မှုတချို့ ထွက်ပေါ်ခဲ့သလို ဒေသတွင်းမှာလည်း MRDA တပ်ဖွဲ့နဲ့ NUG လက်အောက်ခံ တော်လှန်ရေး အင်အားစုတွေကြား အငြင်းပွားမှုတွေမကြာခဏထွက်ပေါ်လာလေ့ရှိ ပါတယ်။