မန္တလေးမြို့အတွင်း ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေ CCTV တပ်ဆင်ဖို့ စစ်ကောင်စီဖိအားပေး

သြဂုတ် ၊ ၂၆

မန္တလေးမြို့အတွင်း အဓိကလမ်းမတွေပေါ် ဖွင့်ထားတဲ့ဆိုင်ခန်းတွေကို CCTV ကင်မရာ မဖြစ်မနေ တပ်ဆင်ကြဖို့ တိုင်းစစ်ကောင်စီလက်အောက်ခံ မြို့တော်စည်ပင်သာယာရေး ကော်မတီက ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

“ဟိုတနေ့စည်ပင်သာယာကကောင်မလေး နှစ်ယောက်ဆိုင်မှာCCTV ဘယ်နှစ်လုံးတပ်ထားလဲ၊တပ်ထားရင်လည်း အလုပ်လုပ်လားဆိုပြီး မေးမြန်းပြီးတော့ စာရင်းကောက်သွားတယ်၊တပ်ထားတဲ့ ကင်မရာတွေကို ဓာတ်ပုံရိုက်ယူ သွားတယ်၊ဘာကြောင့်လဲဆိုတော့ သေချာမပြောဘူး၊ကင်မရာမတပ်ရသေးရင် တပ်ထားဖို့လည်း ပြောတယ်” လို့ မဟာအောင်မြေမြို့နယ်ကလူသုံးကုန် ပစ္စည်းဆိုင်ဖွင့်လှစ်ထားသူ တဦးကပြောပါတယ်။

မဟာအောင်မြေမြို့နယ် ၇၃ လမ်းမပေါ်ရှိ ဆိုင်ခန်းတွေကို စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းတွေက CCTV ကင်မရာတပ်ဆင်ထားခြင်းရှိ ၊ မရှိကို အခုလ ၂၃ရက်မှာ လာရောက် စာရင်းကောက်ယူခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမြို့အတွင်းရှိ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ စတဲ့မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဈေး ဆိုင်ခန်းတွေကို CCTV ကင်မရာတွေ တပ်ဆင်ထားဖို့နဲ့ CCTV တွေကို ဆိုင်အရှေ့နှစ်လုံးနဲ့ ဆိုင်အတွင်းမှာ နှစ်လုံး တပ်ဆင်ထားဖို့ မြို့တော်စည်ပင်သာယာရေး ကော်မတီက ဖိအားပေးခိုင်းစေနေတာပါ။

ဒါ့အပြင် CCTV တပ်ဆင်ထားတဲ့ ဆိုင်ခန်းတွေကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေ ထုတ်ပေးမှာဖြစ်သလို သက်တမ်းတိုးတဲ့ ကိစ္စတွေကိုလည်းခွင့်ပြုပေးမှာဖြစ်ပြီး လိုက်နာဆောင်ရွက်တာမရှိရင် စည်ပင်သာယာရေး ဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

“လုပ်ငန်း လိုင်စင် အသစ်လုပ်မယ်ဆိုရင်ဘယ်လိုဆိုင်ပဲ ဖြစ်ဖြစ် CCTV တပ်ဆင်ထားတယ်ဆိုတဲ့ ဓာတ်ပုံတွေကို တင်ပြရမယ်လို့ပြောတာပေါ့နော်၊အရင်ကတော့ အဲဒါတွေမပါဘူး၊ဒါ့အပြင်ကို သူကသက်တမ်းတိုးဖို့ လုပ်မယ် ဆို ရင်လည်း အဲလိုဓာတ်ပုံတွေ ပြရမယ်ပေါ့နော် မပါဘူးဆိုရင် လုပ်မပေးဘူးဆိုတဲ့သဘော” လို့ အောင်မြေသာစံ မြို့နယ်အတွင်းကအထည်ဆိုင်ပိုင်ရှင် တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီက ဘာကြောင့်မြို့တွင်း ဆိုင်ခန်းတွေကို CCTV ကင်မရာ တွေကို ဖိအားပေး တပ်ဆင်ခိုင်းသလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေအနေနဲ့ CCTV ကင်မရာတွေကို လက်တလော အဖြစ်များနေတဲ့ ရာဇဝတ်မှု ခင်းကျဆင်း ရေးအတွက် အသုံးချမှာမဟုတ်ဘဲ သူတို့ကို တွန်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေကိုခြေရာခံနိုင်ဖို့ အတွက်လုပ်တာဖြစ်နိုင်တယ်လို့ မန္တလေးမြို့က နိုင်ငံရေးတက်ကြွသူတဦးက သုံးသပ်ပါတယ်။

“အရင်ဦးရဲလွင်(မြို့တော်ဝန်ဟောင်း) လက်ထက်တုန်းက Smart City ဆိုပြီး ကင်မရာတွေကို တမြို့လုံးအနှံ့ တပ် ခဲ့တာလေ၊တမြို့လုံးကို စည်ပင်ရုံးထဲက ထိုင်ကြည့်နေလို့ရတယ်၊အခုကျတော့အဲ့ကင်မရာတွေက အလုပ်လုပ်တာရှိ သလို မလုပ်တာတွေလည်းရှိမယ်၊ဘာလို့လည်းဆိုတော့ မီးကမမှန်ဘူးလေ၊ အဲဒီအတွက်ကြောင့်ဆိုင်တွေမှာ ကင်မ ရာတွေတပ်ခိုင်းတာပေါ့ ဘာပဲပြောပြော ဆိုင်တွေက ကင်မရာတွေကို သူတို့ အတင်းလက်နက်အားကိုးနဲ့ ယူလို့ ရတယ်လေ ” လို့ သူကဆိုပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေကို စစ်တပ်က မြို့တွင်းမီးပွင့်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေက တဆင့်ခြေရာခံပြီး လိုက်လံ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်?

ဒါကြောင့် မြို့တွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေက ဆိုင်ခန်းတွေ နေအိမ်တွေမှာ လုံခြုံရေး အရတပ် ဆင်ထားတဲ့ CCTV ကင်မရာတွေကို ယာယီဖြုတ်သိမ်းထားဖို့နဲ့ လမ်းမတွေဘက်ကို CCTV ကင်မရာတွေ လှည့်မ ထားဖို့တိုက်တွန်းပြောဆိုထားကြပါတယ်။

မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေအတွက် CCTV ကင်မရာတွေဟာ အဓိက ခြိမ်းခြောက်မှုတခုဖြစ်လာတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား အင်အားစုတွေကလည်း ထုတ်ပြောထားပြီး CCTV တွေရဲ့ အန္တရာယ်ကိုသတိပြုမိဖို့ ကမ်ပိန်းတခုလုပ်ခဲ့ပါသေးတယ်။