TNLA နဲ့ စစ်ကောင်စီ ကွတ်ခိုင်မှာတိုက်ပွဲဖြစ်

သြဂုတ်၊ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ မနေ့ကညနေပိုင်းက စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ထိုးစစ် ဆင်လာလို့တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

TNLA တပ်မဟာ(၅) စစ်ဒေသ ကွတ်ခိုင်မြို့ လုံဆွေရွာအနီးကို မနေ့က ညနေငါးနာရီလောက်မှာ နမ့်ဖက်ကာဘက် က စစ်ကောင်စီတပ်တွေက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲတနာရီ နီးပါး ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ကား ၁၆ စီးနဲ့ လူ၊ လက်နက်အပြည့်အစုံ တင်ဆောင်ပြီး နမ့်ဖက်ကာကနေ ကွတ်ခိုင်ကို ထွက် ခွာလာချိန် လုံဆွေရွာ အနီးမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တအာင်းအမျိုးသား တပ်မတော် (TNLA ) ရဲ့ တပ်ရင်း (၃၃၅) တပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း TNLA တပ်ဘက်က ထိခိုက်ကျဆုံးမှု တစုံတရာ မရှိပေမယ့် စစ်ကောင်စီဘက်ကတော့ ထိခိုက် သေဆုံးမှု ရှိခဲ့ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး TNLA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးရုံးကို DNA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ TNLA နဲ့စစ်ကောင်စီတပ်တွေ ဩဂုတ် ၁၇ရက်ကလည်း တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ ကွတ်ခိုင်မြို့ ရင်ကွဲတောင်မှာ ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရမခ နဲ့ ခလရ(၄၅) တပ်က မိုင်းယုကျေးရွာကို စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက်  TNLA  တပ်မဟာ(၁) တပ်ရင်း (၈၇၆) တပ်ဖွဲ့တွေနဲ့ ထိ တွေ့တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

လတ်တလော ကွတ်ခိုင်မြို့အနီးမှာ တိုက်ပွဲဖြစ်တဲ့ အသံတွေကြားနေရပေမယ့် စစ်ရှောင်တွေ ရောက်လာတာ မျိုးတော့ မရှိသေးဘူးလို့ လုံခြုံရေး အရ အမည်မဖော်လို တဲ့ ကွတ်ခိုင်မြို့ ဒေသခံ အမျိုးသားတဦး ကပြောပါတယ်။

“ မနေ့ညကတောင် လက်နက်ကြီး အသံတွေ ကြားနေရသေးတယ်၊အဲ့လို လက်နက်ကြီး သံတွေကတော့ မကြာ ခဏ ကြားရတယ်၊ဒါပေမယ့်ဟိုလိုကြီး တိုက်ပွဲဖြစ်နေတဲ့ အနေအထားတော့ မရှိဘူး၊ပစ်ခတ်နေတဲ့ အသံတွေဘာ တွေကတော့ ကြားရတယ် သူတို့ စစ်ရှောင်တွေ ရွာလိုက်ရောက်လာတာမျိုးတော့ မကြားရသေးဘူး ” လို့ သူက ဆိုပါတယ်။

အရင်က ကွက်ခိုင်မြို့ပေါ်မှာ အနီးအနား တောင်ပေါ်ကျေးရွာတွေက လာရောက် စစ်ရှောင်နေတဲ့ စစ်ရှောင်စခန်း လေးခုရှိတဲ့ အနက် အခုနှစ်အစောပိုင်းမှာ စစ်ရှောင်ပြည်သူတချို့နေရပ်ပြန်သွားတဲ့အတွက် စခန်း သုံးခု ပိတ် သိမ်းခဲ့ရသလို လက်ရှိမှာ တခုသာ ဖွင့်လှစ်ထားတယ်လို့ ကွတ်ခိုင်မြို့ခံအမျိုးသားကဆိုပါတယ်။

 “တောင်ပေါ်ရွာကလူတွေပေါ့ ပြီးခဲ့တဲ့၊ လေးလလောက်ကတောင် သူတို့ နေရာရှင်းလင်းတာတို့ မြေယာလုပ်ကိုင်ဖို့ ပြင်ဆင်နေတာတွေရှိတယ်၊သူတို့ပြောင်းရွေ့ဖို့လုပ်နေတာပေါ့နော်၊နဂိုနေတဲ့နေရာတော့ မဟုတ်ဘူး၊ တခြားသူတို့ ရေတို့ ဘာတို့ အဆင်ပြေမယ်နေရာမှာ သူတို့ ပြန်ပြီး အခြေချနေထိုင်ဖို့ လုပ်နေတာရှိတယ် ” လို့ သူကဆိုပါတယ်။

လတ်တလော ကွတ်ခိုင်မြို့ပေါ် စစ်ရှောင် စခန်းတွေကတဆင့် နေရပ်ပြန်နေတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်ကတည်းက တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်နေတဲ့ သူတွေဖြစ်တယ်လို့ သိရပါ တယ်။

လက်ရှိ ဩဂုတ်လအတွင်း ဒီကနေ့အထိ တအာင်းအမျိုးသားတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တွေကြား စုစု ပေါင်း တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ခဲ့တယ်လို့ TNLA   ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့ အဲ့ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုထားတာမရှိပါဘူး။