နယ်စပ်တင်းမာမှုတွေ လျှော့ချဖို့ အိန္ဒိယနဲ့ တရုတ် ခေါင်းဆောင်တွေ ကတိပြု

သြဂုတ် ၊ ၂၆

နယ်စပ်ဒေသက တင်းမာမှုတွေကို ထိထိရောက်ရောက် လျှော့ချဖို့ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား သဘောတူညီမှု ကတိကဝတ် ရရှိခဲ့ကြောင်း သိရပါတယ်။

 တောင်အာဖရိက နိုင်ငံမှာ Brics ညီလာခံ တက်ရောက်ရင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီတို့ သီးသန့် တွေ့ဆုံခဲ့ကြတာလို့ အိန္ဒိယ အစိုးရ တာဝန်ရှိသူ တဦးက ပြောပါတယ်။ အာရှ အင်အားကြီး နှစ်နိုင်ငံဟာ ဟိမဝန္တာ တောင်တန်းတွေနဲ့ ထိစပ်ပြီး ရာသီဥတုနဲ့ ပထဝီ အနေအထား ခက်ထန်ကြမ်းတမ်းလှတဲ့ နယ်စပ်တလျှောက်မှာ တင်းမာတဲ့ အားပြိုင်မှုတွေ ရှိခဲ့ပါတယ်။

တောင်အာဖရိကမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံပြီး နယ်စပ် ပြဿနာ ဖြေလျှော့ရေးကိစ္စ ဆွေးနွေးဖြစ်ဖို့ကို မိုဒီက တောင်းဆိုခဲ့တာလို့ တရုတ် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း အဆိုးဖက်ကို သိသိသာသာ ဦးတည်ခဲ့ပါတယ်။

 နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ကီလိုမီတာ ၃၄၄၀ လောက် ရှည်လျားတဲ့ နယ်စပ်မှာ နှစ်ဖက်စလုံးက ပဋိပက္ခတွေ ပိုဆိုးလာမယ့် အခြေအနေကနေ ထိန်းချုပ် ရှောင်ရှားကြဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ဘရာဇီး၊ ရုရှား၊ တရုတ်၊ တောင်အာဖရိက နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရ အရာရှိတွေနဲ့အတူ ဂျိုဟန်နက်စဘက်ဂ်မြို့ကို ရောက်ရှိနေပါတယ်။ Bircs အဖွဲ့ဝင် နိုင်ငံတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍတွေမှာ အမေရိကန်က ဦးဆောင်နေတာကို ထိထိရောက်ရောက် တုံ့ပြန် ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး စစ်ပွဲတကြိမ် ဖြစ်ခဲ့ဖူးသလို နယ်ခြားစောင့် တပ်အချင်းချင်း ကိုယ်ထိလက်ရောက် ရန်ပြုတိုက်ခိုက်တာတွေလည်း အကြိမ်ကြိမ် ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ နယ်စပ်မှာ သေနတ် မဖောက်ရဘူးဆိုတဲ့ ကတိကဝတ်အရ နှစ်ဖက်စစ်သားတွေဟာ တုတ်တွေ၊ တင်းပုတ်တွေလို ရှေးခေတ် လက်နက်တွေနဲ့သာ ခိုက်ရန် ဖြစ်ပွားလေ့ ရှိကြပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတုန်းကတော့ အဲဒီလိုမျိုး ရန်ဖြစ်ကြရာ လက်လွန်ကုန်လို့ နှစ်ဖက် စစ်သည် စုစုပေါင်း ၂ ဒါဇင်ထက်မနည်း အသက်ဆုံးရှုံးခဲ့သလို နယ်စပ်တင်းမာမှု ပြဿနာကလည်း အမြင့်ဆုံး အခြေအနေထိ ရောက်ရှိသွားခဲ့ပါတယ်။