ဖားကန့်မှာ ခရစ်ယာန်ဘာသာရေးဆရာအပါအဝင် လူပေါင်းသုံးဆယ်ကျော် ပေါ်တာဆွဲခံရ

သြဂုတ်၊ ၂၅
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ခရစ်ယာန်ဘာသာရေးဆရာ တဦးအပါအဝင် လူပေါင်းသုံးဆယ်ကျော်ကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၄ ရက်၊ ညပိုင်းက ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ စစ်ကောင်စီတပ်က အရပ်သားတွေ ပေါ်တာဆွဲသွားတယ်ဆိုတာကတော့ ဟုတ်တယ်။ အယောက် တရာအထိတော့ မဟုတ်ပါဘူး။ ဒေသခံအရပ်သားတွေ အပါအဝင် ခရီးသွားတွေပါ, ပါတာပေါ့။ အဓိက, ကတော့ အမျိုးသားတွေကို ခေါ်သွားတာလို့ သိရတယ် ” လို့ ဖားကန့်ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုဝန်ကြီး ဒေါက်တာတူခေါင်ကတော့ စစ်ကောင်စီတပ်က မြစ်ကြီးနား-ဖားကန့် လမ်းပေါ် နန့်ယားရွာက လူပေါင်း တရာကျော်ကို ဖမ်းဆီးသွားတာလို့ ဒီကနေ့မနက်က ရေးသားထားပါတယ်။
 
အင်အား တရာ ကျော်ခန့်ရှိတဲ့ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၂) စစ်ကြောင်းက ဖားကန့်-ကာမိုင်း လမ်းပိုင်းပေါ်ရှိ နန့်ယားကျေးရွာက ဒေသခံ နှစ်ဆယ်ခန့်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်ဖို့ တောင်းခံခဲ့ပါတယ်။
 
အဲဒီလိုတောင်းခံတာ မရရှိခဲ့တာကြောင့် ခရစ်ယာန်ဘာသာရေးဆရာ တဦ၊ စစ်ရှောင်တွေ၊ ဒေသခံအရပ်သားတွေနဲ့ ခရီးသွားတွေ အပါအဝင် လူပေါင်း သုံးဆယ်ကျော်ခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
လတ်တလော ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့်-ကာမိုင်း လမ်းပိုင်းပေါ်မှာ KIA တပ်တွေက ဖြတ်သန်းခွင့် ပိတ်ပင်ထားတာကြောင့် ခရီးသွားတွေ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီတပ်တွေက ဖားကန့်မြို့နယ်ထဲကို ခြေလျင်စစ်ကြောင်းထိုးလာချိန်တွေမှာ အမြဲလိုလို ဒေသခံအရပ်သားတွေ အထူးသဖြင့် အမျိုးသားတွေကို အဓိက ခေါ်ဆောင်သွားလေ့ ရှိတယ်လို့ ဖားကန့်ဒေသခံတဦးက ဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ဆရာတော်တွေကိုပါ မကြာခဏ ဖမ်းဆီးခေါ်ယူတာနဲ့ စစ်ဆေးမေးမြန်းတာတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့ လည်း ဒေသခံတွေက ပြောကြားပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်မှာ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ)က ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ ဒေသခံ နှစ်ရာကျော်ကို KIA နဲ့ PDF ထောက်ခံတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။
 
ဖားကန့်မြို့နယ်ထဲမှာ ဩဂုတ် ၂၂ ရက်က ကာမိုင်းမြို့ကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို KIA က ကျောက်ထုကျေးရွာ အနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တဲ့အတွက် နန့်ယားကျေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိပါတယ်။
 
ဒါ့အပြင် အဲဒီနေ့က နှစ်ဖက်တိုက်ပွဲအတွင်းမှာ KIA ဘက်က တဦးကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်က ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာတွေလည်း အများအပြား ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်ကလည်း ဖားကန့်မြို့နယ်ထဲက နမ့်မှော်-တာမခန်သွား ကားလမ်းပေါ်ရှိ ကသိုင်းတောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား ရရှိခဲ့သလို သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့ပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)