သြဂုတ်၊ ၂၅
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် အဝေးပြေးကားလမ်းမပေါ်မှာ ဩဂုတ်လ ၂၄ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ ခရီးသည်တင် မှန်လုံယာဉ်တစီး ပစ်ခတ်ခံရတာကြောင့် အမျိုးသမီးတဦး အပါအဝင် ခရီးသည်နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ မြိတ်ကား၊ မြိတ်ဘက်ပြန်ဆင်းလာတာ။ သေနတ်နဲ့ ပစ်ခံရတာ။ လူပြတ်တဲ့နေရာမှာပဲ လှမ်းပစ်တာလို့ ပြောတယ်။ နှစ်ယောက်ထိသွားတာတော့ သေချာတယ်၊ ခဏခဏအပစ်ခံရတဲ့ နေရာပဲ ” လို့ ဒေသခံတဦးက ပြောပါတယ်။
ရန်ကုန်ကနေ မြိတ်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည် ၃၃ ဦး လိုက်ပါစီးနင်းလာတဲ့ ရွှေပုလဲသီ ခရီးသည်တင်မှန်ယာဉ်ဟာ ရေး-သံဖြူဇရပ် အဝေးပြေးကားလမ်းပေါ် လိမ္မော်ခြံကျေးရွာ အနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့ တခုက သေနတ်နဲ့ ခြုံခိုပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်ပစ်ခံရမှုကြောင့် ယာဉ်ပေါ်ပါသူ အသက် ၂၆ နှစ်အရွယ် မဝါဝါဝင်းနဲ့ အသက် ၃၄ နှစ်အရွယ် ကိုတင်ထွေး တို့နှစ်ဦးဟာ ကျည်ရှပ်ထိ ဒဏ်ရာတွေ ရရှိခဲ့သလို ကားမှန်တချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“ ဒဏ်ရာက မများဘူး။ ရှပ်ထိသွားတာရယ်။ မှန်တံခါးထိတော့ မျက်နှာနဲ့ လက်တို့မှာ မှန်စထိသွားတာတွေ ရှိတယ်။ မနေ့ကပဲ ဆေးကုသမှုတွေ ပြုလုပ်ပြီးတော့ ချက်ချင်းပဲ အဲဒီကားနဲ့ ပြန်ဆင်းသွားတာပါ ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ အခုအချိန်အထိ ထုတ်ပြန်ကြေညာထားတာ မတွေ့ရသေးပါဘူး။
အခုပစ်ခတ်မှုဖြစ်တဲ့ နေရာအပါအဝင် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး တလျှောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားမှု ရှိနေသလို ဒေသကာကွယ်ရေးတပ်တွေလည်း လှုပ်ရှားမှု ရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ DKBA ခွဲထွက်အဖွဲ့တွေ၊ မွန်ပြည်သစ်ပါတီ(NMSP)ကနေ ခွဲထွက်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ အမည်ကနေ ယခုစစ်ကောင်စီလက်အောက်ခံ ဌာနပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။
” ဒီအခြေအနေက ပြောဖို့ ခက်ပါတယ်။ စုံစမ်းတုန်း ရှိပါသေးတယ်။ အဲ့ဘက်မှာက ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ အဖွဲ့တွေလည်း ရှိနေတော့လေ ” လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် (၃)၊ တောင်ပိုင်းတိုင်း၊ J.O.C (Joint Commanding Office) တာဝန်ရှိသူတဦးက ပြောပါတယ်။
J.O.C ဟာ KNU နဲ့ NUG တို့အကြား စစ်ရေးနဲ့ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူဖွဲ့ထားတဲ့ အမြင့်ဆုံးအဖွဲ့အစည်းတခုဖြစ်ပြီး တောင်ပိုင်းတိုင်းအတွက် စစ်ဒေသ သုံးခုနဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ်အတွင်းမှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ၊ အိမ်စီးကားတွေနဲ့ ဆိုင်ကယ်တွေ လမ်းမှာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် အကြိမ် သုံးဆယ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Social Media