တရုတ်ဝမ်ပေါင် ကုမ္ပဏီမှာ လုံခြုံရေးယူမယ့် ပြည်သူစစ် ၁၄ ဦးကို PDF ဖမ်းဆီး

သြဂုတ်၊ ၂၅
 
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်ခွင့်ရ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးတာဝန်ယူရမယ့် ပြည်သူစစ် အဖွဲ့ဝင် ၁၄ ဦးကို သြဂုတ်လ ၂၄ ရက်၊ မနက် ၁၁ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
 
“ ကျနော်တို့ ရဲဘော်တွေ နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှု ဆောင်ရွက်နေစဉ်မှာ မသင်္ကာလို့ စစ်ကြည့်ရာ သူတို့မှာ ပါလာတဲ့ စာရွက်စာတမ်း ပြည်သူစစ်နဲ့ သက်ဆိုင်တဲ့ ကတ်တွေကြောင့် သိတာပါ ” လို့ ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကိုအတည်ပြုပြောဆိုပါတယ်။
 
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အနောက်တောင်တိုင်း စစ်ဌာနချူပ်မှ သင်တန်းဆင်းလာတဲ့ ပြည်သူစစ်အဖွဲ့ဝင် ၁၄ ဦးကို ဆားလင်းကြီးနယ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ CGYDF-ချင်းတွင်းဂဠုန်ရာဇာအဖွဲ့က ထုတ်ပြန်ထားတာပါ။
 
အနောက်တောင်တိုင်း စစ်ဌာနချူပ်(သာပေါင်း) ခမရ (၃၀၈) အဖွဲ့က ထုတ်ပေးထားတဲ့ ပြည်သူစစ် လုပ်ငန်းလမ်းညွှန် စာအုပ်တွေနဲ့အတူ ပြည်သူစစ်အဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာပါ။
 
ဒါ့အပြင် အဲဒီပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ စစ်သင်တန်း တက်ရောက်ပြီးသူတွေ ဖြစ်သလို ဝမ်ပေါင်ကုမ္ပဏီထဲ ရောက်ရင် စစ်သင်တန်းတွေ ထပ်မံတက်ရောက်ရမယ့်သူတွေ ဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။
 
လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ ပြည်သူစစ်အဖွဲ့ဝင် အမျိုးသား ၁၄ ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ (ပလဖ)ကို အပ်နှံထားတယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ လောလောဆယ်တော့ ပလဖ ကိုပဲ အပ်နှံထားသေးတာပေါ့။ သူတို့ဆီက လက်နက်တွေ ဘာတွေတော့ မပါလာဘူး။ ဒါပေမယ့် ပြည်သူ့စစ်အဖွဲ့ဝင်ဆိုတဲ့ အသိအမှတ်ပြုကဒ်တွေ ပါလာတယ်။ ဒါလောက်ပဲ ပြောနိုင်မယ်။ ကျန်တဲ့ကိစ္စတွေကျတော့ ဆက်လက်လုပ်ဆောင်ရမှာတွေ ရှိသေးတော့ ကျနော်တို့လည်း သတင်းမရသေးဘူး ” လို့အဲဒီအဖွဲ့ဝင်က ဆိုပါတယ်။
 
သြဂုတ်လ ၂၄ ရက်နေ့တုန်းကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီမှာ လုံခြုံရေးယူပေးထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲတပ်သားတဦးကလည်း သေနတ်နှစ်လက်နဲ့အတူ CDM ဝင်ရောက်လာခဲ့ပါသေးတယ်။
 
တရုတ် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး စီမံကိန်းဧရိယာ တိုးချဲ့တာ၊ လယ်ယာမြေတွေကို ခြံစည်းရိုးခတ်တာ၊ စစ်ကောင်စီတပ်တွေကို စီမံကိန်းအတွင်းထဲမှာ အထိုင်ချခွင့်ပြုတာ၊ ပြည်သူစစ်အဖွဲ့ဝင်တွေကို စစ်သင်တန်းပေးတာတွေအပြင် ရိက္ခာထာက်ပံ့ပေးတာတွေကို လုပ်ဆောင်နေတာပါ။
 
ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကြေးနီထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ပေမယ့် တရုတ်ဝမ်ပေါင်ကုမ္ပဏီက လက်ရှိမှာ စီမံကိန်းကို ပြန်လည်လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီး ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒါကြောင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေက စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အပါအဝင် ပြည်သူလူထုကို ဖိနှိပ်နေတာတွေ ရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်နေတာပါ။
 
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီအတွက်သာ အကျိုးဖြစ်နေတဲ့ အဲဒီကြေးနီစီမံကိန်းကို အမေရိကန်ကလည်း အရေးယူပိတ်ဆို့တာတွေ လုပ်ဆောင်ထားပါသေးတယ်။
 
ဓာတ်ပုံ – CGYDF