ရေစကြိုမြို့မှာ ပျူစောထီးကားကို PDF တွေပစ်ခတ်တိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

သြဂုတ်၊ ၂၅
 
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ မောင်းနင်းလာတဲ့ ကားကို သြဂုတ်လ ၂၅ ရက်၊ မနက် ၆ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခြောက်ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
 
“ သူတို့ မနက်စောစော ဂွေးချိုပျူရွာကနေ ဆင်ချောင်းပျူရွာကို ကူးတာပေါ့ဗျ။ ကျနော်တို့က သတင်းရတာနဲ့ သွားကြိုစောင့်ပြီး လာတာနဲ့ လက်ဦးမှုရယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါဗျ။ အဲရွာနှစ်ခုကတော့ နီးနီးလေးပါ အဲဒါကို ဟိုဖက်ဒီဖက် သူတို့ကူးကြတာပေါ့နော် ” လို့ ရေစကြိုမြို့ ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။
 
ရေစကြိုမြို့နယ်၊ ဂွေးချိုရွာသား ပျူစောထီးအဖွဲ့ဝင် ခြောက်ဦးဟာ ရွာမြောက်ဖက်ရှိ ဆင်ချောင်းရွာသို့ အသွားမှာ တော်လှန်ရေးအင်အားစုတွေက လမ်းကဖြတ်ပြီး လက်ဦးမှုရယူ ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆိုပါတယ်။
 
ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ စူပါကာစတန် အမျိုးအစား မော်တော်ယာဉ် မောင်းနှင်လာတဲ့ အရပ်ဝတ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို တော်လှန်ရေးအဖွဲ့တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
 
အဲဒီလိုတိုက်ခိုက်ခဲ့လို့ ကားပေါ်ပါလာတဲ့ ပျူစောထီးအားလုံး သေဆုံးခဲ့သလို သူတို့ကို စစ်ကောင်စီတပ်က ထုတ်ပေးထားတဲ့ ကာဘိုင်သေနတ် ခြောက်လက်အနက် ပျက်စီးနေတဲ့ တလက်ကို ထားခဲ့ပြီး ကျန်ငါးလက်သိမ်းဆည်းခဲ့တာကို တွေ့ရပါတယ်။
 
” ကျနော်တို့ ကားနဲ့ သူတို့အလောင်းတွေကိုတော့ ဘာမှာမလုပ်ဘူး။ဒီအတိုင်းပဲ ထားခဲ့လိုက်တယ်။ ဘာလို့လည်းဆိုတော့ ပြည်သူကို မျက်နှာမကြည့်ပဲ အခုလိုပဲ ဒုက္ခပေးနေမယ်ဆိုရင် ဒီလိုဖြစ်မယ်ဆိုတာကို သိအောင် ထားခဲ့လိုက်တာပါ ” လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
 
သေဆုံးသွားတဲ့ ပျူစောထီးတွေဟာ ဂွေးချိုရွာအနီးက ဆင်းချောင်းရွာသားဖြစ်သူ အရင်စစ်အစိုးရလက်ထက်က စစ်ဥပဒေချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဦးသိန်းစိန်အစိုးရလက်မှာ သမ္မတရုံးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုးမောင်ရဲ့ တူတော်စပ်သူရဲ့ တပည့်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။
 
“ ဂွေးချိုဆိုတာက ဆင်းချောင်းငလင်းရဲ့ တပည့်တွေ။ ဝန်ကြီးဦးစိုးမောင်ရဲ့ ရွာပေါ့။ ငလင်းဆိုတာ စိုးမောင်တူပေါ့ဗျ။ သူအားကိုးနဲ့ တပ်ကကောင်တွေကို ခေါ်ခိုင်းလို့ရတဲ့ အနေအထားပေါ့။ တပ်က ဗိုလ်တွေတောင် သူ့ကြောက်နေရတယ်။ ဆင်းချောင်းဆိုတာ ပခုက္ကူ-ရေစကြို ကားလမ်းဘေး ရှိတာဆိုတော့ ကားလမ်းပေါ်သွားတဲ့ ပြည်သူတွေကို ပိုက်ဆံတောင်း၊ လူဖမ်း ဓားမြတိုက်တာတွေ လုပ်နေတာပေါ့ ” လို့ ရဲဘော်ဝေကြီးက ဆိုပါတယ်။
 
အဲဒီပစ်ခတ်တိုက်ခိုက်မှုကို NUG လက်အောက်ခံ ရေစကြိုမြို့နယ်၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) နဲ့ ပခုက္ကူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း အမှတ် (၉) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဖက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – ရေစကြို ပကဖ