ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရ

သြဂုတ်၊ ၂၅
 
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီတရားရုံးက သြဂုတ်လ ၂၃ ရက် မှာ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
 
” တရားစွဲတင်ပြီး ရုံးချိန်းနှစ်ခါလောက် တက်ပြီးတာနဲ့ အမိန့်ချလိုက်တာ။ လက်ရှိတော့ လောင်းလုံးရဲစခန်း မှာပဲ။ အမိန့်ချပြီးပြီဆိုတော့ ထားဝယ်ထောင် ပို့မယ်ထင်တယ် ” လို့ ကိုမင်းလွင်ဦးက DNA ကို ပြောပါတယ်။
 
အသက် ၆၅ နှစ်ခန့်ရှိတဲ့ ဦးအောင်ဖေကို လောင်းလုံးမြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အခုလို ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တာပါ။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်၊ နေ့လယ်ပိုင်းက လောင်းလုံးမြို့နဲ့ ကပ်လျက် ပြင်းထိန်ကျေးရွာရှိ နေအိမ်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဦးအောင်ဖေကို လောင်းလုံး မြို့မရဲစခန်းမှာ ချုပ်နှောင်ထားခဲ့ပြီး သြဂုတ်လ ၁၃ ရက်မှာ မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ခွင့်ပေးခဲ့ပါတယ်။
 
အဖမ်းခံရပြီး နှစ်လနီးပါးအကြာ သြဂုတ်လ ၁၂ ရက်မှာတော့ ရာဇဝတ်ကြီး ၅၀၅(က)နဲ့ ပုဒ်မတပ် တရားစွဲဆိုခဲ့ပြီး နှစ်ပတ်လောက်အကြာမှာပဲ အခုလို အမိန့်ချမှတ်လိုက်တာပါ။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ဦးအောင်ဖေကို ဖမ်းဆီးပြီး နေအိမ်ထဲရှာဖွေတဲ့အချိန် ကျောင်းသားသမဂ္ဂ လက်ပတ်တခုနဲ့ လက်ရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွေ လုပ်နေတဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ အင်္ကျီတထည် သိမ်းဆည်းသွားခဲ့ပါတယ်။
 
” အဲဒါနှစ်ခု တွေ့တယ်ဆိုပြီး တရားစွဲတာ၊ အဲဒါနဲ့ပဲ အခုလို အမိန့်ချတာ ” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
 
စစ်ကောင်စီက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းဝရမ်းနှစ်ကြိမ် ထုတ်ထားသလို ဖမ်းဆီးသတင်းပေးနိုင်သူကို သိန်းသုံးရာ ချီးမြှင့်မယ်လို့ ဆုကြေးငွေလည်း ထုတ်ထားပြီး သူ့ကို မဖမ်းမိတာကြောင့် သူ့ဖခင်ဖြစ်သူကို ဖမ်းဆီးခဲ့တာလို့ ကိုမင်းလွင်ဦးက ယူဆပါတယ်။
 
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကတော့ ဦးအောင်ဖေကို အခုလို ထောင်ချတာဟာ အပြစ်တစုံတရာ ကျူးလွန်ထားခြင်းမရှိတဲ့ အရပ်သားတဦးကို မတရားဖမ်းဆီး လုပ်ကြံ ထောင်ချခြင်းသာဖြစ်ပြီး အဖမ်းခံထားရစဉ် တစုံတရာ ထိခိုက်မှု ရှိခဲ့ပါက စစ်ကောင်စီရဲ့ တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒေသခံတွေကလည်း ဦးအောင်ဖေဟာ လက်ရှိနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သူ မဟုတ်ဘဲ နေအိမ်မှာ သာမန်နေထိုင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတဦးသာ ဖြစ်တယ်လို့ DNA ကို ပြောဆိုထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုမင်းလွင်ဦးရဲ့ မိခင်ဖြစ်သူကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပတ်လောက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
 
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၄,၀၀၄ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ