သြဂုတ်၊ ၂၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အင်အားတရာဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ခု တပြိုင်တည်း စစ်ကြောင်းထိုး နေတာကြောင့် ကျေးရွာဆယ်ရွာလောက်က ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ရွှေဘိုနယ်၊ မြင်းစီး ပျူရွာဖက်ကို ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ခုဟာ ဒီကနေ့ သြဂုတ်လ ၂၅ ရက် မနက်ပိုင်းမှာ ခင်ဦးမြို့နယ်ရဲ့တောင်ဘက်နဲ့ မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို တပြိုင်တည်း ခြေလျင်စစ်ကြောင်းထိုးနေတာပါ။
ကျေးရွာတွေထဲ ဝင်ရောက်ချိန်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ရှိပေမယ့် ဒေသခံတွေ အထိအခိုက်ရှိ မရှိကို အသေးစိတ်အတည်ပြုလို့ မရသေးဘူးလို့ ခင်ဦးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
” တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးဘူး။ သူတို့က ရွာတွေဝင်တိုင်း လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်နေကျ၊ ပစ်ပြီးမှ ဝင်ကြတော့၊ လက်ရှိရှောင်နေရတော့ ဘယ်သူတွေ ထိခိုက်ရှိလဲ၊ ရှိ မရှိ မသိဘူးဗျ ” လို့ သူကဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းကြောင့် ပင်တင်း၊ သရက်ပင်ဝန်း၊ ကြာပင်အိုင်၊ ညောင်ပင်ကြီးစု၊ သိန်တော်၊ ကျွန်းဆွယ်၊ ကျွန်းလည်၊ ရုံးစု အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော် စစ်ရှောင်နေရပါတယ်။
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး