သြဂုတ်၊ ၂၅
စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို အာဆီယံ ကျန်းမာရေးဝန်ကြီးများအစည်းအဝေး တက်ခွင့်ပေးခဲ့တာဟာ မဖြစ်သင့်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဩဂုတ် ၂၄ ရက်ကနေ ၂၅ ရက်အထိ နှစ်ရက်ကြာကျင်းပမယ့် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးကို ဖိတ်ကြားတက်ရောက်စေခဲ့တာဟာ အာဆီယံအတွက် အရှက်ရစရာ ဖြစ်တယ်လို့ NUG က ဝေဖန်ပါတယ်။
ဒါ့အပြင် မြန်မာ့နိုင်ငံမှာ လူ့အခွင့်အရေးကိစ္စတွေကို အားပေးထောက်ခံမယ်ဆိုတဲ့ အာဆီယံရဲ့ ထပ်တလဲလဲ ကတိကဝတ်တွေကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်နဲ့အားကစားဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို အမေရိကန် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန် တို့အပါအဝင် အနောက်နိုင်ငံတချို့က ပိတ်ဆို့အရေးယူထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကျန်းမာရေးစေင့်ရှောက်မှုစနစ် ပြိုလဲသွားမှုအတွက် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဟာ အဓိကတာဝန်ရှိသူတဦး ဖြစ်သလို ဆေးရုံတွေနဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိသူတဦးလည်း ဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၈၈ ဦး သတ်ဖြတ်ခံခဲ့ရသလို အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံရသူ တွေလည်း အများအပြားရှိနေပြီး စစ်ကောင်စီက ဆေးရုံတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးကို အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး တက်ခွင့်မပေးသင့်ဘဲ ဖိတ်ကြားချက်ကို ရုတ်သိမ်းသင့်တယ်လို့လည်း NUG ကဆိုပါတယ်။
ဒေါက်တာသက်ခိုင်ဝင်းဟာ အာဆီဘံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ဖိတ်ကြားချက်အရ အာဆီယံဘဏ္ဍာရေးနဲ့ ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေး၊ အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးတွေ တက်ရောက်ဖို့ ဩဂုတ် ၂၃ ရက်မှာ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအစည်းအဝေးတွေမှာ အာဆီယံဒေသတွင်း ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုနဲ့ အဲ့ဒီအခြေအနေကို တုံ့ပြန်နိုင်မယ့် ကျန်းမာရေးစနစ်တွေ ပေါ်ပေါက်လာရေး ဘဏ္ဍာရေးနဲ့ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်ကာကွယ်တုံ့ပြန်ရေးနဲ့ ရေရှည်ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်ဖြစ်ပေါ်လာစေရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ဓာတ်ပုံ – MOI