Wagnerခေါင်းဆောင်ရဲ့ လေယာဉ် ဒုံးကျည်နဲ့ ပစ်ချခံရကြောင်း ထင်ကြေးတွေကို အမေရိကန်ပယ်ချ

သြဂုတ်၊ ၂၅

ရုရှား ကြေးစားတပ်ဖွဲ့ Wagnerရဲ့ ခေါင်းဆောင် စီးနင်းလိုက်ပါသွားတဲ့ လေယာဉ်ဟာ ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေကို အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ပယ်ချခဲ့ပါတယ်။

ဩဂုတ် ၂၃ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် အနောက်မြောက်ဖက်မှာ စင်းလုံးငှား လေယာဉ် တစီး ပျက်ကျရာက လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့ပါတယ်။ အဲဒီလူစာရင်းမှာ Wagner ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂိုဇင်လည်း ပါဝင်တယ်လို့ ရုရှား လေကြောင်းပျံသန်းမှု ကွပ်ကဲရေး ဌာနက ကြေညာခဲ့ပါတယ်။

ပရီဂိုဇင်ဟာ ဇွန်လ ၂၃ ရက်တုန်းက ကာလတိုတောင်းပေမယ့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အာဏာစက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တဲ့ ပုန်ကန်မှု တခုကို ဦးဆောင်ခဲ့သူပါ။ အခု လေယာဉ် ပျက်ကျမှုကလည်း သွေးရိုးသားရိုး မဟုတ်ဘဲ ပရီဂိုဇင်ကို ပစ်မှတ်ထားတဲ့ လုပ်ကြံမှုမျိုး ဖြစ်နိုင်ကြောင်း အယူအဆတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

လေယာဉ်ပျက်ကျပြီး နာရီပိုင်းလောက် အကြာမှာတော့ လေယာဉ်ပျက် အစိတ်အပိုင်းတွေ ပျံ့ကြဲတည်ရှိနေပုံ မှတ်တမ်း ဗီဒီယိုနဲ့ ဓာတ်ပုံတွေအပေါ် မူတည်ပြီး လေယာဉ်ဟာ ဒုံးကျည် ထိမှန်ခဲ့တာ ဖြစ်နိုင်ကြောင်း မှန်းဆ သီအိုရီတွေ ပျံ့နှံ့လာပါတယ်။ အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလည်းဖြစ်တဲ့ ပင်တဂွန်ကတော့ အဲဒီ မှန်းဆချက်တွေ လုံးဝ မမှန်နိုင်ကြောင်း ယတိပြတ် ငြင်းဆိုခဲ့ပါတယ်။

ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုင်ဒါက Embraer ကုမ္ပဏီက ထုတ်လုပ်တဲ့ ဂျက်လေယာဉ်ကို ပစ်မှတ်ထားတဲ့ ဒုံးကျည် တိုက်ခိုက်မှုမျိုး သဲလွန်စ လုံးဝ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တဗားဒေသမှာ လေယာဉ် ပျက်ကျသွားတဲ့ ဖြစ်စဉ် တခုလုံးကို ခြုံကြည့်ရင် ပရီဂိုဇင်ဟာ လုပ်ကြံခံလိုက်ရတယ်လို့ အမေရိကန်က ယူဆထားကြောင်း သူက ပြောပါတယ်။ 

ရရှိထားတဲ့ သဲလွန်စနဲ့ အချက်အလက်တွေကို စုစည်းပြီး သုံးသပ်တဲ့အခါ သူအသတ်ခံလိုက်ရတာ ဖြစ်နိုင်ခြေ အတော်များကြောင်း ရိုင်ဒါက သတင်းထောက်တွေကို မှတ်ချက်ပေးသွားပါတယ်။ ပရီဂိုဇင်ဟာ ပျက်ကျတဲ့ လေယာဉ်ပေါ်မှာ တကယ်ပဲ ပါသွားသလား ဆိုတာနဲ့ ပတ်သက်လို့လည်း မရေမရာ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ ရိုင်ဒါကတော့ အမေရိကန် အစိုးရဟာ လေယာဉ်ပျက်ကျမှုအတွင်း ပရီဂိုဇင် တကယ်ပဲ သေဆုံးသွားပြီလို့ ယူဆထားကြောင်း ဆိုပါတယ်။

ပရီဂိုဇင်ဟာ ပူတင် လက်အောက်ခံ ရုရှား စစ်ဦးစီးတွေကို မကျေနပ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့လက်အောက်ခံ Wagner တပ်တွေကို ဦးဆောင်ပြီး မော်စကိုထိ ချီတက်ခဲ့ပါတယ်။ တရက်လောက်သာ ကြာမြင့်ခဲ့ပေမယ့် အဲဒီ ပုန်ကန်မှုအတွက် Wagnerတွေဟာ မြို့ကြီးတခုဖြစ်တဲ့ ရော့စတော့ဗ်ကိုပါ ယာယီ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘီလားရုစ် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် Wagnerတွေက ပုန်ကန်မှုကို ရုပ်သိမ်းပြီး စစ်တန်းလျား ပြန်ခဲ့ကြပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ အသက် ၇၀ အရွယ် ပူတင်က ရုရှားနိုင်ငံအပေါ် ဩဇာလွှမ်းမိုးထားတဲ့ ရှည်လျားလှတဲ့ ကာလအတောအတွင်း သူ့ရဲ့ အာဏာစက်အပေါ် အကြီးမားဆုံး စိန်ခေါ်မှု တခုအဖြစ် ဂယက်ရိုက်ခတ်စေခဲ့ပါတယ်။

 

Ref: CNN