တာချီလိတ်လေဆိပ်ကနေ ထွက်ခွာခဲ့တဲ့ လေယာဉ်ပေါ် ကလေးမီးဖွားလို့ လေယာဉ်ပြန်ဆင်းခဲ့ရ

သြဂုတ်၊ ၂၄
 
တာချီလိတ်မြို့၊ ဟောင်လိတ်လေဆိပ်မှာ ခရီးသည်တဦး လေယာဉ်ပေါ်မှာပဲ ကလေးမီးဖွားခဲ့ပြီး ကလေးရော မိခင်ပါ ကျန်းမာရေးကောင်းတယ်လို့ အဲ့ဒီမြို့အခြေစိုက် ဦးလှမိုး လူမှုကူညီရေးအသင်းက ဖော်ပြထားပါတယ်။
 
တာချီလိတ်မြို့ကနေ ရန်ကုန်ကို ဒီကနေ့ညနေပိုင်းမှာ ထွက်ခွာခဲ့တဲ့ Air KBZ ခရီးသည်တင်လေယာဉ်ပေါ်က ကိုယ်ဝန်ဆောင်မိခင်တဦးဟာ လေယာဉ်ထွက်ခွာပျံသန်းချိန်အတွင်း ရေမွှာပေါက်သွားတာလို့ အဲ့ဒီအသင်း တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
“ လေယာဉ်ပေါ်မှာ ကလေးရေမွှာပေါက်တော့ လေယာဉ်က နောက်ပြန်လှည့်လာတယ်၊ လေယာဉ်ပေါ်မှာပဲ မွေးသွားတာ ” လို့ သူကပြောပါတယ်။
 
မွေးလူနာတဦး လေယာဉ်ပေါ်မှာ ရေမွှာပေါက်သွားတာကြောင့် အကူအညီတောင်းခံလာလို့ ဦးလှမိုး လူမှုကူညီရေး အဖွဲ့ဝင်တွေ သွားရောက်ခဲ့ကြပေမယ့် သူတို့ရောက်သွားချိန်မှာ မီးဖွားပြီးပြီလို့ သိရပါတယ်။
 
ဒါကြောင့် မိခင်နဲ့ လေယာဉ်ပေါ်မှာမွေးဖွားခဲ့တဲ့ သမီးငယ်ဖြစ်သူတို့ကို နီးစပ်ရာ ဆေးခန်းကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဦးလှမိုး လူမှုကူညီရေးအသင်းက ဖော်ပြထားပါတယ်။
 
“ လေကြောင်းလိုင်းဘက်က လေယာဉ်စီးခွင့်ပေးလားဆိုတာ နောက်ဆက်တွဲတွေ ကျွန်တော်တို့ မသိရသေးပါဘူး၊ ကျွန်တော်တို့က သွားကူညီခဲ့တာပါပဲ ” လို့ အဲ့ဒီအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း