သြဂုတ် ၂၄
အာဏာသိမ်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတွေ ဝယ်ယူနိုင်အောင် ကူညီ ထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူမှုတွေ ဖြန့်ကျက် လုပ်ဆောင်လာခဲ့ပါတယ်။
အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို အဓိက တာဝန်ယူလေ့ရှိတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ရက်စက်စက် ကျူးလွန်နေတဲ့ မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီတွေ ရရှိအောင် ကူညီပံ့ပိုးပေးနေတဲ့ နိုင်ငံခြားသားတွေ၊ အဖွဲ့အစည်းတွေ အားလုံးကို အရေးယူ ပိတ်ဆို့သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် အရပ်သား ပြည်သူတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေကြောင့် ပြည်သူ ၃၉၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ အရပ်သား ပစ်မှတ်တွေကိုပါ မရှောင်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာတယ်လို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အာဏာကို အရူးအမူး ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေ၊ ကျောင်းသူကျောင်းသား ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက် သေကြေနေရကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
ဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအတွင်း ဧပြီလတုန်းက ပဇီကြီးကျေးရွာနဲ့ ဇွန်လတုန်းက ညောင်ကုန်းကျေးရွာတို့မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု နှစ်ခုကို အထူးပြု ဖော်ပြထားပါတယ်။
ဩဂုတ် ၂၃ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ခင်ဖြူဝင်းနဲ့ ဇော်မင်းထွန်းတို့အပြင် Shoon Energyဆိုတဲ့ ကုမ္ပဏီကိုပါ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတွေ ဝယ်ယူနိုင်အောင် ကူညီပေးနေတဲ့အတွက် အရေးယူ ပိတ်ဆို့ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
အခုလိုမျိုး အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့ပိုင်ခွင့်တွေကို ထိထိရောက်ရောက် အသုံးချခြင်းအားဖြင့် စစ်တပ်က ပြည်သူတွေအပေါ် အနိုင်ကျင့်ဖို့ အသုံးချနေတဲ့ အရင်းအမြစ်တွေကို ပိုမို ကန့်သတ်လာနိုင်မှာ ဖြစ်တယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။
သီးခြားအနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး မီလာကလည်း အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်အပေါ် ကြီးကြီးမားမား ဖိအားသက်ရောက်စေလိမ့်မယ်လို့ မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။