စစ်ရဟတ်ယာဉ်နဲ့အတူ ရုရှားလေယာဉ်မှူးတဦး ယူကရိန်းဆီ ခိုလှုံခဲ့တယ်လို့ဆို

သြဂုတ် ၂၄

ရုရှား လေယာဉ်မှူး တဦးဟာ စစ်ရဟတ်ယာဉ်နဲ့အတူ ယူကရိန်းဖက်ကို ကူးပြောင်း ခိုလှုံလာခဲ့ကြောင်း ယူကရိန်းက ကြေညာခဲ့ပါတယ်။

 လွန်ခဲ့တဲ့ သီတင်းပတ်တချို့မှာ Mi-8 အမျိုးအစား ရဟတ်ယာဉ်ဟာ လူ ၃ ဦးကို တင်ဆောင်ပြီး နယ်စပ်ကို ဖြတ်ကျော် ပျံသန်းသွားခဲ့ကြောင်း၊ အဲဒီအချိန်ကစလို့ အဆက်အသွယ် ပြတ်တောက်သွားပြီး ပစ်ချခံခဲ့ရတယ်လို့ ယူဆရကြောင်း ရုရှား စစ်ရေး blog တခုက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ယူကရိန်းကတော့ ၆ လကြာ စပိုင်မစ်ရှင် တခုရဲ့ အကျိုးရလဒ်အဖြစ် ရုရှား လေယာဉ်မှူးကို ရဟတ်ယာဉ်နဲ့အတူ ထွက်ပြေး ခိုလှုံလာအောင် ဆွဲဆောင် သိမ်းသွင်းနိုင်ခဲ့တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Mi-8 AMTSh အမျိုးအစား ရဟတ်ယာဉ်ဟာ ပုံမှန်ဆိုရင် ရုရှားရဲ့ လေတပ်စခန်း နှစ်ခုကြားမှာ ခေါက်တုံ့ခေါက်ပြန် ပျံသန်းရင်း Su-27နဲ့ Su-30 တိုက်လေယာဉ်တွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို သယ်ယူပို့ဆောင်ပေးတဲ့ တာဝန် ယူလေ့ရှိတယ်လို့ ယူကရိန်း မီဒီယာတွေက ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး ရေးသားခဲ့ပါတယ်။

အခုအခါမှာတော့ ခိုလှုံလာတဲ့ ရုရှားလေယာဉ်မှူးနဲ့ မိသားစုဝင်တွေကို ယူကရိန်းရဲ့ အတွင်းပိုင်း ပိုကျပြီး ပိုမို အေးချမ်းတဲ့ နယ်မြေတွေဆီ ပြောင်းရွှေ့ပေးထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လေယာဉ်မှူးက ယူကရိန်းဆီ လာရောက် ပူးပေါင်းဖို့ ကတိပေးလိုက်ချိန် ကတည်းက သူ့မိသားစုကို ကူညီ ရွှေ့ပြောင်းဖို့ ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ တခြား ရုရှား လေယာဉ်အမှုထမ်း ၂ ဦးကတော့ သေဆုံးသွားပြီလို့ သိရပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တဦးက အခုသတင်း မှန်ကန်ကြောင်းကို အရိပ်အမြွက် ပြောကြားသွားပြီး မကြာခင် တရားဝင် ကြေညာချက် ထွက်ပေါ်လာနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ဒီသတင်း ထွက်ပေါ်လာတာဟာ ရုရှားလေတပ် အတွက်တော့ ရက်ပိုင်းအတွင်း ထိခိုက်နာကျင်စရာ၊ သိက္ခာကျစရာ ကိစ္စတွေ ဆက်တိုက် ကြုံနေရတဲ့ သဘောပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ရုရှား လေတပ်စခန်း တခုကို ပစ်မှတ်ထားပြီး ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စူပါဆောနစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစီး မီးလောင်ပျက်စီးခဲ့ပါတယ်။