အာဏာသိမ်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား လေးထောင်အထိရှိလာ

သြဂုတ် ၊ ၂၄

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ သြဂုတ်လ ၂၃ ရက်အထိ နှစ်နှစ်ခွဲ ကျော်အတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား လေးထောင်အထိရှိပြီလို့ နိုင်ငံရေး အကျဥ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြပါတယ်။

သေဆုံးခဲ့ရသူတွေထဲ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ် လေးရာကျော်ပါပြီး အမျိုးသမီးဦးရေ ခြောက် ရာနီးပါး ပါဝင်ပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံရတာ၊ နေအိမ်ထဲ ဝင် ရောက်ပစ်ခတ်ခံရတာ၊ ဆန္ဒပြပွဲတွေမှာပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု တွေ အတွင်း ထိခိုက်သေဆုံးခဲ့ရသူတွေလို့ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ စစ်ကိုင်းတိုင်းထဲက တထောင့်ငါးရာကျော်နဲ့ အရေအတွက် အများဆုံးဖြစ်ပြီး နေပြည် တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အကုန်လုံးမှာ သေဆုံးသူမရှိတဲ့ နေရာမရှိပါဘူး။

အဲဒီလေးထောင်ထဲက လူတထောင်ကျော်ဟာ စစ်အုပ်စုက ဖမ်းဆီးအကျဉ်းချ၊ထိန်းသိမ်းထားစဉ်ကာလအတွင်း သတ်ဖြတ်ခံရတာ၊ဆေးကုသမှုအလုံအလောက်မရတာ စတဲ့အကြောင်းတွေကြောင့် သေဆုံးခဲ့တာလို့ AAPP က အတည်ပြုထုတ်ပြန်ထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ စစ်ကောင်စီရဲ့ အခုလို သတ်ဖြတ်မှု အချက်အ လက်တွေကို မှတ်တမ်းသေချာရယူထားပြီး နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ရေးကိစ္စတွေကို ပိုမိုကြိုးပမ်းအားထုတ် သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

“ကိုယ့်နိုင်ငံ ကိုယ့်ရဲ့ဒေသထဲမှာလည်း ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူတာတွေ လုပ် မယ်ဆိုတာကို ယတိပြတ် ဆုံးဖြတ်ထားဖို့လိုအပ်တယ်၊ နောက်ပြီးတော့ အဲဒီအတွက်လည်း ကြိုတင်စီမံမှု ဆက်တို က်လုပ်ဖို့ လိုအပ်တယ်” လို့သူက ပြောပါတယ်။

စစ်ကောင်စီက အခုလို အရပ်သားတွေကို သတ်ဖြတ်တာတွေအထဲမှာအခုနှစ်ဇူလိုင်လအထိအစု အပြုံလိုက် သတ် ဖြတ်မှု ၁၄၄ခုထက်မနည်းပါဝင်ပြီး အဲ့ဒီအစုအပြုံလိုက်သတ်ဖြတ်မှုတွေအတွင်း  လူဦးရေ ၁၆၀၀လောက် သေဆုံး ခဲ့ရတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေထဲ အရေအတွက် အများဆုံးဖြစ်စဥ်တွေကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကချင်ပြည်နယ် ဖားကန့် အနန့်ပါရွာက ဂီတဖျော်ဖြေပွဲ ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေဖြစ်ပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်ကလည်း ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာမှာ စစ် ကောင်စီတပ်က ဒေသခံ လေးဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပါသေးတယ်။