ရုရှားမှာ ပုန်ကန်မှုတခုကို ဦးဆောင်ခဲ့သူ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် လေယာဉ်ပျက်ကျပြီး သေဆုံးသွားပြီလို့ ယုံကြည်ရ

သြဂုတ် ၊ ၂၄

တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရခဲ့ဖူးတဲ့ တရက်ကြာ ပုန်ကန်မှုကို ဦးဆောင်ခဲ့သူ ရုရှား ကြေးစားတပ် Wagnerရဲ့ အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂိုဇင်ဟာ လေယာဉ် ပျက်ကျမှု တခုကြောင့် သေဆုံးသွားပြီလို့ ယုံကြည်ရပါတယ်။

စာရင်းတွေအရ ပရီဂိုဇင် အပါအဝင် လူ ၁၀ ဦး စီးနင်းလိုက်ပါခဲ့တဲ့ စင်းလုံးငှား ဂျက်လေယာဉ် တစီးဟာ ဩဂုတ် ၂၃ ရက် ညနေပိုင်းက မော်စကိုမြို့ အနောက်မြောက်ဖက်မှာ ပျက်ကျသွားခဲ့ကြောင်း ရုရှား ဖက်ဒရယ် လေကြောင်း သယ်ယူပို့ဆောင်မှု ကြီးကြပ်ရေး ဌာနက ထုတ်ပြန်ပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားသူတွေ စာရင်းမှာ ပရီဂိုဇင် ပါဝင်ကြောင်းနဲ့ လေယာဉ် ပျက်ကျမှုအတွင်း အသက်ရှင် ကျန်ရစ်သူ မရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ရုရှား သမ္မတ ဗလာဒီမာပူတင် ရုံးထိုင်ရာ ကရင်မလင် နန်းတော်ကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဘာသဘောထားမျိုးမှ ထုတ်မပြောသေးဘဲ ထူးထူးခြားခြား နှုတ်ဆိတ်နေပါတယ်။

ပရီဂိုဇင်ဟာ ရုရှားစစ်တပ်နဲ့အတူ လက်တွဲပြီး ယူကရိန်း စစ်မြေပြင်မှာ ပါဝင် တိုက်ခိုက်ခဲ့တဲ့ Wagner ကြေးစားတပ်ဖွဲ့ဝင်တွေ လေးစားတဲ့ ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ပူတင်ရဲ့ အနီးကပ် မဟာမိတ် တဦးအနေနဲ့လည်း ရပ်တည်ခဲ့ဖူးတဲ့တိုင် ဇွန်လ ၂၃ ရက် ပုန်ကန်မှု အပြီးမှာတော့ အခြေအနေတွေက ပြောင်းလဲကုန်ပါတယ်။

ရုရှား စစ်ဦးစီးတွေရဲ့ အရည်အချင်း ညံ့ဖျင်းမှုကို မကျေနပ်ကြောင်း ပြောဆိုပြီး ပရီဂိုဇင်က သူ့တပ်တွေနဲ့အတူ မော်စကိုထိ ချီတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ ပုန်ကန်မှုဟာ တရက်သာ ကြာမြင့်ခဲ့ပြီး ဘီလားရုစ် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ပြီးဆုံးသွားခဲ့ပါတယ်။

ပုန်ကန်မှုက ၂၄ နာရီလောက်သာ ကြာခဲ့ပေမယ့်လည်း ပူတင်အတွက်တော့ နိုင်ငံရေးအရ အကြီးအကျယ် သိက္ခာကျစရာ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပူတင်ဟာ ပရီဂိုဇင်ကို ခေါ်ယူတွေ့ဆုံတာမျိုး၊ ဆွေးနွေးတာမျိုးတွေ ရှိခဲ့တဲ့တိုင် Wagner ခေါင်းဆောင်ကို ဘယ်တော့မှ ခွင့်လွှတ်တော့မှာ မဟုတ်ကြောင်း၊ ပရီဂိုဇင်ဟာ သေဒဏ်စီရင်ချက် ချခံရပြီးသားသူတဦး ဖြစ်လာကြောင်း ထောက်လှမ်းရေး အသိုင်းအဝန်းက ပြောပါတယ်။

အမေရိကန် အစိုးရဟာ ပရီဂိုဇင်ရဲ့ လေယာဉ် ပျက်ကျမှု သတင်းနဲ့ ပတ်သက်လို့ ကြားသိထားပြီး အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပရီဂိုဇင်ဟာ ပူတင်ရဲ့ အာဏာစက်ကို တိုက်ရိုက် စိန်ခေါ်ခဲ့ကြောင်း၊ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ပူတင်ရဲ့ မူဝါဒတွေကိုလည်း လူသိရှင်ကြေား ဝေဖန်ခဲ့ကြောင်း၊ ဒီအခြေအနေတွေအရ သူဟာ ရုရှား အစိုးရရဲ့ စက်ကွင်းထဲကနေ မလွတ်နိုင်မှန်း လူတိုင်း သဘောပေါက်ထားကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ပရီဂိုဇင်ဟာ လေယာဉ်ပေါ် အမှန်တကယ် လိုက်ပါသွားခဲ့သလားဆိုတဲ့ အချက်ကို သတင်းဌာနတွေက အတည်ပြုဖို့ ကြိုးစားနေပြီး အဲဒီအချက် သေချာရင်တော့ အသက် ၆၂ နှစ်အရွယ် ကြေးစား စစ်ခေါင်းဆောင် သေဆုံးသွားပြီဆိုတာ ရာနှုန်းပြည့် သေချာလာမှာပါ။ ရုရှားအရေး စောင့်ကြည့် လေ့လာသူတွေကတော့ ပရီဂိုဇင် သေဆုံးသွားပြီးရင် စစ်တပ်ဟာ Wagner အဖွဲ့ကို သိမ်းသွင်း ထိန်းချုပ်ဖို့ အင်တိုက်အားတိုက် ကြိုးစားလာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။