အင်းတော်မှာ ဖမ်းဆီးခံရသူလေးဦးကို စစ်ကောင်စီကသေဒဏ်ချမှတ်

သြဂုတ်၊ ၂၃

စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီကဖမ်းဆီးထားသူ လေးဦးကို အခုလ ၁၈ရက်မှာ စစ်ခုံရုံးက သေဒဏ်အမိန့်တွေချမှတ်လိုက်တယ်လို့ ဒေသတွင်းစစ်ရေးနဲ့ မြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Indaw Revolution-IR က ဖော်ပြထားပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေဟာ မုံရွာ-မြစ်ကြီးနား ခရီးသည်တင်ကားမောင်းတဲ့ ကိုဇော်မျိုးထွန်း(ခ)တိုနီ၊ထီးချိုင်း မြို့ နယ် ဒေသခံ ကိုကျော်စွာဝင်း(ခ)ကျော်စွာ၊မမြင့်မြင့်အေး(ခ)အေးအေး၊အင်းတော်မြို့ ရေတွင်းကုန်းရပ်ကွက်က ကိုအောင်ကျော်ကျော်မိုး(ခ)လားလားဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလေးဦးထဲက ကိုဇော်မျိုးထွန်း(ခ)တိုနီဟာ အခုနှစ် ဧပြီလအတွင်း ကားမောင်းရင်းက အင်းတော် စစ်ဆေးရေး ဂိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကျန်သုံးဦးကတော့ အခုနှစ် ဇွန်လအတွင်း အင်းတာ်မြို့ထဲမှာ ဖမ်းဆီးခံခဲ့ရတာလို့ Indaw Revolution-IRကဖော်ပြပါတယ်။

အဲ့ဒီလေးဦးလုံးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စွပ်စွဲခဲ့တယ်လို့ သိရပါတယ်။အခု သေဒဏ်ချမှတ်ခံရသူတွေအပါအဝင် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့အင်းတော်မြို့နယ်မှာ သေ ဒဏ်ချမှတ်ခံရသူ ဆယ်ဦးထက်မနည်းရှိပြီလို့လည်းသိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သတင်းတွေဖော်ပြပေးလေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ သေဒဏ်ချမှတ်ခံရသူလေးဦးဟာလက်နက်ခဲယမ်းဝယ်ယူရောင်းချ၊သယ်ယူတာ၊အကြမ်းဖက်လုပ်ငန်းတွေမှာကိုယ်တိုင်ပါဝင်ခဲ့တာတွေကြောင့် သေဒဏ်ချမှတ်ခံရတာလို့ ဖော်ပြပါတယ်။

အင်းတော်မြို့ပေါ်နဲ့ မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီက နေ့စဉ်စစ်ဆေးမှုတွေလုပ်နေပြီး ဖုန်း၊ message တွေ ကိုပါ စစ်ဆေးတတ်တာကြောင့် မြို့ခံတွေက ခရီးသွားတွေအနေနဲ့ အသွားအလာဂရုပြုကြဖို့ Indaw Revolution-IR က အသိပေးထားပါတယ်။

 စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တို့နဲ့ နီးစပ်တဲ့ အင်းတော်မြို့နယ်အတွင်း အာဏာသိမ်း ပြီးနောက် စစ်ကောင်စီနဲ့ တော်လှန်ရေး  ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် အခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက နိုင်ငံအနှံ့မြို့နယ်ပေါင်း လေးဆယ်နီးပါးကို စစ်အုပ်ချုပ်ရေး ကြေညာရာမှာ အင်းတော်မြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။စစ်အုပ်ချုပ်ရေး ကြေညာခံရပြီးနောက် အင်းတော် မြို့နယ်အတွင်း ဖမ်းဆီးထောင်ချခံရမှုတွေ မကြာခဏဖြစ်နေတာပါ။