ဒီးမော့ဆိုမြို့အနီး တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

သြဂုတ်၊ ၂၃
 
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
 
” စစ်ကောင်စီဘက်ကတော့ စစ်ကြောင်းထိုးလာတုန်းပဲ။ ဒီမနက်မှာပဲ (သြဂုတ် ၂၃) လေယာဉ်နှစ်ခါလာပြီး ငါးကြိမ်လောက် ဗုံးကြဲသွားတယ် ” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
 
လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကရင်နီပူးပေါင်းတပ်တွေရဲ့ ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးသလို တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးကိုလည်း မသိရသေးတဲ့အကြောင်းလည်း ပြောပါတယ်။
 
ဒီးမော့ဆိုမြို့ကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကတည်းက ခြေလျင်ထွက်လာတဲ့ အင်အား သုံးရာဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတလျှောက် ကရင်နီပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရလို့ ဒီနေ့အထိ ဆယ်မိုင်လောက်သာဝေးတဲ့ ဖရူဆိုမြို့ကို မရောက်သေးပါဘူး။
 
ပုံမှန်အားဖြင့် ကားနဲ့ မိနစ်နှစ်ဆယ်ဝန်းကျင်၊ ခြေလျင်သုံးနာရီကျော်သာရှိတဲ့ ခရီးကို တော်လှန်ရေးအင်အားစုတွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေဟာ သြဂုတ်လ ၂ ရက်ကနေ ၂၃ ရက် ဒီကနေ့အထိ မရောက်ရှိသေးတာပါ။
 
အဲဒီတပ်တွေဟာ တပ်မ (၅၅) လက်အောက်ခံ ခြေမြန်တပ်ရင်း (၁၁၂) နဲ့ ခြေလျင်တပ်ရင်း (၃) ကဖြစ်ပြီး ဒီလ ၂ ရက်ကနေ ၁၄ ရက်အတွင်း အဲဒီထဲက ခုနှစ်ဆယ်ကျော် ထိခိုက်သေဆုံးကာ တော်လှန်ရေးအင်အားစုဘက်က သုံးဦးကျဆုံး၊ ဒဏ်ရာအနည်းငယ်ရရှိတာ ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
 
ကရင်နီပူးပေါင်းတပ်တွေကတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့ထဲရှိ စစ်ကောင်စီ တပ်ရင်းတွေကနေတဆင့် ဘော်လခဲနဲ့ ဖားဆောင်းမြို့တွေဘက်ကို ဆက်သွားလိမ့်မယ်လို့ ယူဆကြပါတယ်။
 
” ဖရူဆို ကနေတဆင့် ဘော်လခဲ၊ ဖားဆောင်းဘက်ကို ရိက္ခာတွေ၊ လူတွေ ပို့နိုင်ဖို့အတွက် စစ်ကြောင်းဆက်ထိုးမယ်လို့ ယူဆရတယ် ” လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။
 
ဖရူဆိုမြို့အတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၄၂၈)၊ ခမရ (၅၃၁) နဲ့ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတို့ ရှိပါတယ်။
 
စစ်ကောင်စီတပ်ဟာ မယ်စဲ့မြို့နယ်ထဲက တပ်စခန်းတွေကို ကရင်နီတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ဇူလိုင်လကုန်လောက်က ကရင်နီပြည်နယ်ထဲကို တပ်ဖွဲ့ဝင် အင်အားထောင်ချီ ဖြည့်တင်းထားပြီး လက်ရှိအချိန်ထိတော့ အဲဒီတပ်ဖွဲ့ဝင်တွေဟာ လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့တွေဘက်မှာပဲ ရှိသေးပါတယ်။
 
အဲဒီတပ်ဖွဲ့တွေဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့ကို ပြန်လည်တိုက်ခိုက်ရယူနိုင်ရေးအတွက် စစ်ဆင်ရေးပြုလုပ်ဖို့ အင်အားဖြည့် ရောက်ရှိလာတာလို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက ယူဆကြပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်၊ ညနေ ငါးနာရီလောက်ကလည်း နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ထီးသော်ကူးရွာ အနီးကို လေကြောင်းကနေ ဗုံးလာကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ သြဂုတ်လ ၂ ရက်ကတည်းက သတိပေးထုတ်ပြန်ထားပါတယ်။
Website တွင် ကြည့်ရှုရန် >>>
 
ဓာတ်ပုံ – KNDF