သြဂုတ်၊ ၂၃
အင်ဒိုနီးရှားဟာ အမေရိကန်လုပ် F-15 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဖို့အတွက် Boeing ကုမ္ပဏီနဲ့ သဘောတူ စာချုပ် တရားဝင် လက်မှတ် ရေးထိုးလိုက်ပါတယ်။
အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနက F-15EX အမျိုးအစား တိုက်လေယာဉ် စုစုပေါင်း ၂၄ စီးကို အမေရိကန် လေကြောင်း နည်းပညာ ကုမ္ပဏီကြီးဆီက ဝယ်ယူသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ လေတပ်ရဲ့ သက်တမ်း အိုဟောင်းနေတဲ့ စစ်လေယာဉ်တွေကို ခေတ်မီအောင် အဆင့်မြှင့်တင် မွမ်းမံဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။
F-15တွေဟာ ခေတ်သစ် လေကြောင်း တိုက်ပွဲတွေမှာ လက်တွေ့ တိုက်ပွဲဝင်မှုနဲ့ ပတ်သက်လို့ အရည်အသွေး အမြင့်ဆုံး မှတ်ကျောက် အတင်ခံထားတဲ့ တိုက်လေယာဉ်တွေဖြစ်ပြီး F-15EXတွေကတော့ F-15 မျိုးကွဲတွေထဲမှာ နောက်ဆုံးပေါ် နည်းပညာ အမြင့်ဆုံး အမျိုးအစားပါ။
ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး၊ နည်းပညာ အထက်မြက်ဆုံးအဆင့် တိုက်လေယာဉ်တွေဟာ နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း ပိုမို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက ပြောပါတယ်။ အင်ဒိုနီးရှား အစိုးရရော၊ Boeingကပါ အခု အရောင်းအဝယ် သဘောတူညီမှုရဲ့ တန်ဖိုးကို မထုတ်ပြန်ခဲ့ပါဘူး။
အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်လုပ် F-16 မျိုးဆက်ဟောင်းတွေ၊ ရုရှားရဲ့ Su-27နဲ့ Su-30 တိုက်လေယာဉ်တွေ ပါဝင်တဲ့ လေတပ်ကို စွမ်းဆောင်ရည်ပိုင်း သိသိသာသာ မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ အခုနှစ်ထဲမှာ Dassault Rafale တိုက်လေယာဉ် ၄၂ စီးကို ဒေါ်လာ ၈.၁ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
နောက်ပြီး ဇူလိုင်လတုန်းကလည်း အင်ဒိုနီးရှားဟာ ကာတာဆီကနေ Mirage 2000-5 တိုက်လေယာဉ် အဟောင်း ၁၂ စီးကို ဒေါ်လာ သန်း ၈၀၀ နဲ့ ဝယ်ယူခဲ့တဲ့အတွက် ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။ အဓိက အကြောင်းရင်းကတော့ အဲဒီ လေယာဉ်တွေဟာ သက်တမ်း အရမ်းအိုဟောင်းနေပြီး ရှိရင်းစွဲ လေယာဉ်တွေထက် သာလွန်တာ ဘာမှ မရှိဘဲ ငွေဖြုန်းတဲ့သဘော ဖြစ်နေတာကြောင့်လို့ လေ့လာသူတွေက ပြောပါတယ်။
ပထမဆုံးမျိုးဆက် F-15တွေကို ၁၉၇၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အဲဒီအချိန်ကစလို့ အဆင့်မြှင့် မွမ်းမံမှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။ F-15တွေဟာ စစ်မြေပြင်မှာ အစွမ်းအပြနိုင်ဆုံး ခေတ်သစ် တိုက်လေယာဉ်တွေအဖြစ် ရပ်တည်နေပြီး လေကြောင်းတိုက်ပွဲတွေမှာ ရန်သူ့လေယာဉ် အစီး ၁၀၀ ကျော်ကို ပစ်ချခဲ့ပေမယ့် F-15 တစီးမှ ပျက်မကျဖူးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။
Ref: CNA