မြေပုံမြို့မှာ အင်အားသုံးဖယ်ရှားပြီး ဖမ်းဆီးခံရတဲ့အိမ်ပိုင်ရှင်တွေကို စစ်ကောင်စီက ပိုင်ရှင်မဟုတ်ကြောင်း ခံဝန် ထိုးစေပြီးမှပြန်လွှတ်

သြဂုတ်၊ ၂၂

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်ကမိသားစုငါးစုရဲ့ နေအိမ်တွေကို စစ်ကောင်စီက အင်အားသုံး ဖယ်ရှားခဲ့သလို ဖယ်ရှားဖို့ငြင်းဆန်ခဲ့သူတွေကိုလည်းဖမ်းဆီးသွားပြီး အဲ့ဒီအိမ်တွေရဲ့ ပိုင်ရှင်မဟုတ်ကြောင်း ခံဝန် လက်မှတ်ထိုးမှပြန်လွှတ်ပေးလိုက်တယ်လို့ မြေပုံမြို့ခံတွေက DNAကိုပြောပါတယ်။

“ဦးမြသန်းပိုင်တဲ့မြေဆိုပြီး ရဲနဲ့ စစ်သားတွေက အတင်းဆင်းခိုင်းလို့ အခု ဆင်းနေကြရတယ်၊သူတို့က နေလာတာ ကြာပြီ၊သူတို့မှာလည်း ၀ယ်ထားကြရတာပါ၊ဦးမြသန်းက ဘယ်လိုပိုင်သွားလဲ မသိဘူး”လို့ မြေပုံမြို့ခံတဦးက ပြော ပါတယ်။

ဦမြသန်းဟာ ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတုန်းက ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ တာ၀န်ယူခဲ့သူဖြစ်ပါတယ်။

“အဲဒီတဝိုက်မှာက ဦးမြသန်းမြေတွေရှိတယ်၊ခြံခတ်ထားတာတွေလည်း ရှိတယ်၊အရင်ကလည်း ဒီလို ရဲတွေနဲ့ ဖယ် ခဲ့တာ ရှိတယ်မြောက်ပိုင်းရပ်ကွက်မှာပဲ”လို့ မြေပုံမြို့ခံက ပြောပါတယ်။

နေအိမ်ဖယ်ရှားခံရသူတွေဟာ အဲ့ဒီမြေနေရာတွေမှာ နေထိုင်လာတာကြာပြီဖြစ်တဲ့ ဦးမုန်းတိုင်းချေ၊ ဒေါ်မအောင်နု၊ မမည်းမချေ၊ ဦးလှတင်မောင်နဲ့ ဦးရွှေလှဖြူဆိုသူတို့ရဲ့မိသားစုတွေဖြစ်ပြီး လက်ရှိမှာတော့ နေထိုင်ရေး အခက်အခဲ ဖြစ်နေကြတယ်လို့သိရပါတယ်။

သူတို့ရဲ့နေအိမ်တွေကို သေနတ်တွေ ကိုင်ဆောင်လာတဲ့ စစ်တပ်နဲ့ ရဲအင်အား သုံးဆယ်လောက် ဩဂုတ် ၁၀ရက် မှာ ရောက်ရှိလာပြီး အိမ်တွေပေါ်က ချက်ချင်းဖယ်ခိုင်းတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး အဲ့ဒီရုပ်သံဖိုင်ဟာ လည်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့ကာ ရခိုင်ဒေသခံတွေကဝေဖန်နေကြပါတယ်။

“မဆင်းလိုလို့ ရိုက်ပုတ်တာတွေလည်း လုပ်တယ်၊ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ သေနတ်ပြောင်းတွေနဲ့ ‌လူ တွေကို တေ့ပြီး လာဆင်းခိုင်းတာ၊ပစ်တောင်ပစ်မလားမသိဘူး။အာဏာရှင်တွေနဲ့ ပေါင်းပြီး ဗိုလ်လာကျ နေတာပါ ‌ဒီရပ်ကွက်မှာ”လို့ အဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ မြေပုံမြို့ မြောက်ပိုင်းရပ်ကွက်မှာနေထိုင်သူတဦးက ပြောပါတယ်။

မြေပုံမြို့ မြောက်ပိုင်းရပ်ကွက်ဟာ မင်းပြားဘက်ကနေလာရင် စတွေ့ရတဲ့ မြို့စွန်ရပ်ကွက်တခုဖြစ်ပြီး ရပ်ကွက်ပိုင် မြေပေါ် မရှိဆင်းရဲသားတွေ အိမ်ဆောက်နေကြတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အဲဒီအခြေအနေနဲ့ ပက်သက်လို့ မေးမြန်းဖို့ မြေပုံမြို့မရဲစခန်းနဲ့ ဦးမြသန်းတို့ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် အမ်းမြို့ပေါ် ရပ်ကွက်တွေထဲက လူနေအိမ် သုံးရာ၀န်း ကျင် ကိုလည်း စစ်တပ်နဲ့ ရဲတွေ ပေါင်းပြီး အင်အားသုံး ဖြိုဖျက်ခဲ့ပါသေးတယ်။

ဒါ့အပြင် အိမ်ခြေ ခုနစ်ဆယ်ကျော်ရှိတဲ့သံတွဲမြို့နယ် ဂျိုင်သာရွာကိုလည်း စစ်တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ် ရှားခဲ့ ပါတယ်။