ဘဏ်နှစ်ခုပိတ်ဆို့လို့ ထိခိုက်မှုရှိတယ်လို့စီမံ/ဘဏ္ဍာဒုဝန်ကြီး ဝန်ခံ

သြဂုတ်၊ ၂၂

အမေရိကန်အစိုးရက စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို ပိတ်ဆို့လို့ ထိခိုက်မှုတွေရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက နေပြည်တော်မှာဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဝန်ခံပြောကြားခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံမြန်မာ့ရင်းနှီးမြှပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)နဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) တို့ကို ဇွန်လ ၂၁ ရက်က ပိတ်ဆို့အရေးယူပြီး နှစ်လကျော်အကြာမှာ အခုလိုပြောဆိုလာတာပါ။

ပြည်ပကုန်သွယ်ရေးမှာအရေးပါတဲ့ အဲဒီဘဏ်နှစ်ဘဏ်ပိတ်ဆို့ခံရတာကြောင့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ ပို့ကုန်၊သွင်းကုန်နဲ့ နိုင်ငံခြားဘဏ်ဝန်ဆောင်မှုရယူသူတွေကိုထိခိုက်မှုရှိတယ်လို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

မြန်မာ့ရင်းနှီးမြှပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)က ပုဂ္ဂလိကနဲ့ စစ်ကောင်စီကို ဝန်ဆောင်မှုပေးနေပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) ကတော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့တဦးချင်းကို နိုင်ငံခြားငွေဝန်ဆောင်မှုပေးနေတာပါ။

အမေရိကန်အစိုးရကတော့ အဲဒီဘဏ်တွေကတဆင့် စစ်ကောင်စီအတွက် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဝင်ငွေတွေစီးဝင်နေသလို  စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာအသုံးပြုနေတာကြောင့် ပိတ်ဆို့တာဖြစ်တယ်လို့ အဲဒီတုန်းက ပြောထားပါတယ်။

စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကတော့ ဒီပိတ်ဆို့မှုဟာ တဖက်သတ်ပိတ်ဆို့မှုဖြစ်ပြီး အကြောင်းပြချက်မခိုင်ဘူးလို့လည်း ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါသေးတယ်။

အဲ့ဒီ့ ဘဏ်နှစ်ခုဟာ အမေရိကန် အခြေစိုက်ဘဏ်နဲ့ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိ တာ ကြောင့် ငွေကြေးဆုံးရှုံးမှု မရှိနိုင်သလို အရင်ကလည်း  ဒဏ်ခတ် ပိတ်ဆို့ ခဲ့ဖူးတာရှိပေမယ့် ကောင်းမွန်စွာ ကျော်လွှားနိုင်ခဲ့တယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၁ ရက်က တုန့်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နိုင်ငံခြား ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကို ဒီဘဏ်နှစ်ခုတည်းက ဆောင်ရွက်တာမဟုတ်တာကြောင့် ပြည်တွင်းပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားဘဏ်ခွဲ တွေကတဆင့် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဇွန်လ ၂၂ ရက်ကထုတ်ပြန်ထားပါတယ်။

အမေရိကန်အစိုးရရဲ့ ဘဏ်နှစ်ခုကိုပိတ်ဆို့တာကြောင့် ထိခိုက်တာကို အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်လို့လည်း ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။