သြဂုတ်၊ ၂၂
အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တဦးဖြစ်တဲ့ ဆရက်သာ သာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ ၁၁ ပါတီ ညွန့်ပေါင်း နိုင်ငံရေး အင်အားစုက အဆိုတင်သွင်းတဲ့ အသက် ၆၀ အရွယ် ဝန်ကြီးချုပ်လောင်းကို ထိုင်းရဲ့ အထက်နဲ့အောက် လွှတ်တော် အမတ် အများစုက ထောက်ခံမဲ ပေးခဲ့ကြကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လွှတ်တော် မဲပေးမှု ရလဒ်တွေကို အတည်ပြု မကြေညာသေးပေမယ့်လည်း ဆရက်သာဟာ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက် ၃၇၅ မဲထက် ကျော်လွန် ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ PTPဟာ ပါတီ ကိုယ်စားပြု ဝန်ကြီးချုပ်လောင်းကို တင်မြှောက်နိုင်ဖို့၊ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေဆီက ထောက်ခံမဲကို ရရှိဖို့အတွက် ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forwardပါတီ (MFP)ကို လက်တွဲ ဖြုတ်ပြီး တချိန်က ပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့တဲ့ ကွန်ဆာဗေးတစ်တွေ၊ စစ်တပ်လိုလားတဲ့ ပါတီတွေ ပူးပေါင်းထားတဲ့ ညွန့်ပေါင်း အစိုးရကို ဖွဲ့စည်းဖို့ ပြင်ဆင်ခဲ့ပါတယ်။
MFPကတော့ ရွေးကောက်ပွဲ အနိုင်ရ ပါတီမဟုတ်တဲ့ PTPက ဦးဆောင်ပြီး အစိုးရ ဖွဲ့တာဟာ ပြည်သူ့ဆန္ဒကို သစ္စာဖောက်တာလို့ စွပ်စွဲထားပြီး PTPဖက်က လက်ရှိ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ နိုင်ငံရေးအတွက် အသင့်တော်ဆုံး ထွက်ပေါက်ကို ရှာဖွေခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ MFP ခေါင်းဆောင် ပီတာ လင်ဂျရွန်ရတ်ရဲ့ ဝန်ကြီးချုပ်အဖြစ် အဆိုတင်မှုကို လွှတ်တော်ထဲက အထက်လွှတ်တော် အမတ်အများစုက ငြင်းဆိုခဲ့တဲ့နောက် ထိုင်းနိုင်ငံရေး အနာဂတ်ဟာ ပိုပြီး မရေမရာ ဖြစ်လာသလို အိမ်စောင့် အစိုးရက ယာယီ တာဝန်ယူထားတဲ့ ကာလကလည်း ၅ လထိ ကြာမြင့်လာခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ PTPရဲ့ နာယကလို့လည်း ဆိုနိုင်ပြီး ဆရက်သာရဲ့ ဆရာရင်းဖြစ်တဲ့ သက်ဆင် ရှီနာဝပ်ထရာက ထိုင်းကို ပြန်လည် ရောက်ရှိလာပြီး မျက်ကွယ်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၈ နှစ် စီရင်ချက်ကို စတင် ကျခံတဲ့ နေ့မှာပဲ ဆရက်သာက ဝန်ကြီးချုပ် ဖြစ်လာတာပါ။
သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့် ရစေဖို့အတွက် PTPက ကွန်ဆာဗေးတစ်တွေနဲ့ ညှိနှိုင်းထားတယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်နေတာကို ပါတီဖက်က ငြင်းပယ်ထားပါတယ်။
ဆရက်သာ မတိုင်ခင်က PTPဟာ MFPနဲ့ ပူးပေါင်းပြီး ပီတာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရေးကိစ္စမှာ ထောက်ခံခဲ့ပေမယ့်လည်း ထိုင်းလွှတ်တော်ထဲက သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် အထက် လွှတ်တော်အမတ် အများစုရဲ့ ငြင်းပယ်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ MFPဟာ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေအဖြစ် လူသိများပြီး ထိုင်းဘုရင်စနစ်နဲ့ ပတ်သက်တဲ့ အခွင့်ထူးခံ ဥပဒေ တရပ်ကို ပြင်ဆင်ဖို့ ရည်ရွယ်ခဲ့တာကြောင့် အထက်လွှတ်တော် အမတ်တွေက မဲပေးထောက်ခံဖို့ တူးတူးခါးခါး ငြင်းဆိုခဲ့ကြတာပါ။
လက်ရှိ အခြေအနေမှာတော့ PTPဟာ ဆရက်သာ ဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းဖို့ ကိစ္စကို အဆောတလျင် ဆောင်ရွက်တော့မှာဖြစ်ပြီး မဟာမိတ်ဟောင်း MFPကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံ အင်အားစုအဖြစ်သာ ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။