သက်ဆင် ထိုင်းနိုင်ငံ ပြန်ရောက်ပြီး နာရီပိုင်း အကြာမှာ နှစ်ရှည်ထောင်ဒဏ် စတင်ကျခံ

သြဂုတ်၊ ၂၂

ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ထိုင်းနိုင်ငံ ပြန်လာတဲ့ နေ့မှာပဲ နှစ်ရှည် ထောင်ဒဏ် စတင် ကျခံနေရပြီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပြီး ၂ နှစ်အကြာမှာ ထိုင်းတရားရုံး စီရင်ချက် ပြစ်ဒဏ်တွေကို ရှောင်လွှဲဖို့ ပြည်ပကို ထွက်ခွာသွားခဲ့တဲ့ သက်ဆင်ဟာ ဩဂုတ် ၂၂ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။ သူဟာ ဒွန်မောင်းလေဆိပ်မှာ လာရောက် ကြိုဆိုသူတွေ၊ မီဒီယာတွေကို မိသားစုဝင်တွေနဲ့အတူ နှုတ်ဆက်ခဲ့တဲ့နောက် ထိုင်းရဲတပ်ဖွဲ့ ခေါ်ဆောင်ရာ တရားရုံးချုပ်ကို လိုက်ပါသွားခဲ့ပါတယ်။

အဲဒီနောက် တရားရုံးချုပ်မှာ သူ့ကို ထောင်ဒဏ် ၈ နှစ် ချမှတ်မှု စီရင်ချက်ကို နားထောင်ခဲ့ပြီး ဘန်ကောက်မြို့ရဲ့ အဓိက အကျဉ်းထောင်ကြီးဖြစ်တဲ့ ရာမန်ထောင်ဆီ သွားရောက်ခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လည် ခြေချတဲ့ အချိန်မှာပဲ အဖမ်းခံရလိမ့်မယ်လို့ ကြိုတင် သတိပေးထားပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ လတ်တလောမှာတော့ အကျဉ်းခန်းထဲမှာ ချုပ်နှောင်ခံထားရတာမျိုး မဟုတ်ဘဲ အကျဉ်းထောင်ရဲ့ ဆေးကုသဆောင်မှာပဲ နေထိုင်ရဦးမယ်လို့ ဆိုပါတယ်။ သူဟာ အသက်အရွယ် အရရော၊ နာတာရှည် ရောဂါတွေ ဒဏ်ကြောင့်ပါ ကျန်းမာရေး အကောင်းဆုံး အခြေအနေ မရှိသေးတဲ့အတွက် အနည်းဆုံး ၁၀ ရက်လောက် ကုသဆောင်မှာ နေထိုင်ရဦးမယ်လို့ ထောင်အရာရှိတွေက ပြောပါတယ်။ အဲဒီအချိန်တွေအတွင်း သက်ဆင်ကို လုံခြုံရေး အရရော၊ ကျန်းမာရေး အတွက်ပါ စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။

သက်ဆင်ရဲ့ သမီးဖြစ်ပြီး လက်ရှိ ထိုင်းညွန့်ပေါင်း အစိုးရသစ်ကို ဦးဆောင် ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ အကြီးအကဲ တဦးလည်းဖြစ်တဲ့ ပေတွန်တန် ရှီနာဝပ်ထရာက သူ့ဖခင်ဟာ ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာတဲ့နောက် တရားရေး ကိစ္စတွေကို ဆက်လက် ဖြေရှင်းနေကြောင်း Facebookမှာ ရေးသားထားခဲ့ပါတယ်။

၁၅ နှစ်ကြာ ဝေးကွာနေတဲ့ ထိုင်းနိုင်ငံဆီ သက်ဆင် ပြန်ရောက်လာတဲ့ အချိန်ဟာ သူဦးဆောင် ထူထောင်ခဲ့တဲ့ PTPက ဝန်ကြီးချုပ်သစ်အဖြစ် သက်ဆင်ရဲ့ လက်ရုံး တဦးဖြစ်သူ ဆရက်သာ သာဗီဆန်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်ရေး လွှတ်တော်မှာ အဆိုတင်ထားတဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

PTPဟာ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းပြီး အစိုးရသစ် ဖွဲ့စည်းဖို့ ညှိနှိုင်းချိန်မှာ သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ဖွယ် ရှိတယ်ဆိုတဲ့ ထင်ကြေးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။ သက်ဆင်ဟာ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်သာ ရခဲ့မယ်ဆိုရင် ပြစ်ချက်ဟောင်းတွေကို ချေဖျက်နိုင်မှာဖြစ်ပြီး ကွန်ဆာဗေးတစ်တွေက တော်ဝင်မိသားစုနဲ့ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။

သက်ဆင်ရဲ့ မိသားစုရော၊ PTPကပါ သက်ဆင် ပြန်လည် လွတ်မြောက်ရေးကိစ္စ ညှိနှိုင်းမှုတွေ ရှိခဲ့ကြောင်း အတည်ပြုမထားပါဘူး။ လောလောဆယ်မှာတော့ PTPဟာ ဝန်ကြီးချုပ်သစ် တင်မြှောက်ရေး ကိစ္စကို ပိုမို အားထည့်ဖွယ် ရှိပါတယ်။ ထိုင်းနိုင်ငံဟာ ဝန်ကြီးချုပ် မရှိတာ ၅ လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဲဒီအတောအတွင်း အိမ်စောင့် အစိုးရက ယာယီ တာဝန်ယူထားတာ ဖြစ်ပါတယ်။  

 

Ref: AFP