ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ကပြိုကျခဲ့တဲ့ ကော့လှိုင်တံတား ယာယီပြုပြင်ပြီးဖြတ်သန်းခွင့်ပြု

သြဂုတ်၊ ၂၂
 
ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာမှာ ပြိုကျခဲ့တဲ့ တံတားငယ်ကို ယာယီပြုပြင်ထားပြီး ခရီးသည်ကားတွေ သြဂုတ် ၂၂ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စတင်ဖြတ်သန်းသွားလာလို့ ရနေပြီလို့ ခရီးသွားတွေက ပြောပါတယ်။
 
” အိမ်စီးကားတွေ၊ ခရီးသည်ကားတွေတော့ ဖြတ်နေကြပြီ။ ဘေလီတံတားထိုးတာတော့ မဟုတ်ဘူး။ ကျောက်တွေ၊ သဲတွေ လောင်းချနေတာတော့ တွေ့တယ် အထဲကို။ သိပ်လည်းမနက်တော့ လောလောဆယ် အထဲကို မြေဖို့ထားတာဖြစ်မယ် ” လို့ ခရီးသွားတဦးက DNA ကို ပြောပါတယ်။
 
မလွှဲတောင် စစ်ဆေးရေးဂိတ်နဲ့ ကလိန်အောင်မြို့ အကြား ကလိန်အောင်မြို့နဲ့ ခြောက်မိုင်ကျော် အကွာလောက်မှာရှိတဲ့ အဲဒီတံတားဟာ အရင်ကတည်းက ပြုပြင်ဖို့ လိုအပ်နေတာဖြစ်ပြီး သြဂုတ် ၂၁ ရက်၊ ညနေခြောက်နာရီလောက်ကတော့ ပြိုကျခဲ့တာပါ။
 
အဲဒီလို ပြိုကျပြီးနောက်မှာတော့ တံတားကို ဖြတ်သန်းသွားလာလို့ မရဘဲဖြစ်ခဲ့ပြီး ဒီကနေ့မနက် ပြုပြင်မှုမပြီးခင်အထိ ခရီးသည်ကားတချို့ ရပ်တန့်နေခဲ့ရတာပါ။
 
အရှည် ၁၅ ပေလောက်ရှိတဲ့ အဲဒီတံတားနေရာကို စစ်ကောင်စီ လက်အောက်ခံ လမ်းနဲ့ တံတား တည်ဆောက်ရေးအဖွဲ့က ယာယီသွားလာလို့ရအောင် ဒီကနေ့ မနက်ပိုင်းမှာပဲ ပြုပြင်ခဲ့တာပါ။
 
လက်ရှိမှာတော့ ပြုပြင်ထားတဲ့ တံတားနေရာကို ခရီးသည်တင် ကားကြီး၊ ကားငယ်တွေ ဖြတ်သန်းသွားလာလို့ ရပြီဖြစ်ပေမယ့် ကုန်တင်ကားကြီးတွေ သွားလို့ ရ ၊မရကိုတော့ Delta News Agency က အတည်မပြုနိုင်ပါဘူး။
 
ဓာတ်ပုံ – Social Media