ကောက်စိုက်သမ ဆယ်ဦးနီးပါးကို လူသားဒိုင်းအဖြစ်သုံးပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး

သြဂုတ်၊ ၂၂
 
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဘုတလင်ဘက်က ကောက်စိုက်နေတဲ့ အမျိုးသမီး ဆယ်ဦးနီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
 
“ တောထဲမှာ ဒီကောက်စိုက်နေတဲ့ ကောက်စိုက်သမ ဆယ်ယောက်နီးပါးလောက်ကို ဒီပဲယင်း၊ ရေဦးနယ်အထိ လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာတယ်ဗျ “ လို့ ရေဦးအခြေပြု Pepole’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။
 
ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေဟာ ရေဦးမြို့နယ်ဘက်က မဟုတ်ဘဲ ဘုတလင် နယ်က ဖမ်းဆီးလာတဲ့သူတွေသာဖြစ်ပြီး ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူးလို့လည်း ကိုထူးခန့်ဇော်က ဆိုပါတယ်။
 
သြဂုတ်လ ၁၆ ရက်က ဘုတလင်မြို့က ထွက်လာတဲ့ အင်အားရှစ်ဆယ်ကျော်ပါ စစ်ကြောင်းဟာ စစ်ကြောင်းတလျှောက် ဖမ်းဆီးလာတဲ့ အဲဒီအမျိုးသမီးတွေကို လူသားဒိုင်းအဖြစ်ကာပြီး သြဂုတ်လ ၂၁ ရက်၊ မနက်ပိုင်းမှာ ရေဦးနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာပါ။
 
ရေဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်ဘက်ကနေ ထွက်ခွာလာတဲ့ တပ်ရင်းဖြစ်ပြီး အောင်လံမြို့ အခြေစိုက်အမှတ် (၇၁) ခြေလျင်တပ်ရင်းက စစ်ကြောင်းဖြစ်တယ်လို့လည်း ကိုထူးခန့်ဇော်က ဆိုပါတယ်။
 
အဲ့ဒီစစ်ကြောင်းထိုးတာကြောင့် ကံပြား၊ မစိုးရိမ်၊ ခြုံရွာ၊ ကျီကုန်း၊ ချောင်းရိုး၊ ရှော်ဖြူ၊ တင်းတိမ်ရံ၊ မြို့ကြီး၊ ပေါက်တော၊ ဇီးကုန်း၊ ကုန်းသာ၊ ရွာမိဿ ၊ မုတ်စီ၊ နှောကုန်း၊ ကုန်းတန်း၊ ကုန်းကြီး နဲ့ ငြုတ္တုံ အပါအဝင် အနီးအနားကျေးရွာက ဒေသခံထောင်နဲ့ချီပြီး မိုးထဲရေထဲ စစ်ရှောင်ခဲ့ရတာပါ။
 
လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ရေဦးအနောက်ခြမ်းရှိ ရွာမိဿရွာ အနီးနဲ့ မူးဆုံရွာ အနီးတို့မှာ နှစ်ဖွဲ့ခွဲပြီး တပ်စွဲနေတာကြောင့် စစ်ကြောင်းနဲ့ ဝေးတဲ့ ကျေးရွာတွေကတော့ ရွာထဲပြန်ဝင်နေကြပြီလို့လည်း သိရပါတယ်။
 
” ဒီ ဒီပဲယင်းကနေ ပြီးတော့ ရေဦးနယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုးတယ်။ သို့ပေမယ့် ဒီဘယ်ရွာမှတော့ ဝင်ပြီး ဒုက္ခပေးတာ မရှိဘူးပေါ့နော်။ ဒီပဲယင်းကနေ ရေဦးကို ဦးတည်ပြီးတော့ သွားတာ ” လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)
ပုံစာ-ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် သုံးမိုင်ခန့် အကွာရှိ ကသဲ (ရွှေပြည်အေး) ရွာမှာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ ဒေသခံ ၁၉ ဦးကို တွေ့ရစဉ်။