သြဂုတ်၊ ၂၁
ရခိုင်ပြည်နယ်အတွင်း ရေကြီးတာ၊ လေပြင်းတိုက်တာတွေကြောင့် စစ်ရှောင်စခန်းတွေက နေအိမ်ပေါင်း လေးရာ လောက် ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် တွေက ပြောကြပါတယ်။
“ရေတွေ အိုင်၀ပ်ပြီး ပြည့်နေခဲ့တာဆိုတော့ အိမ်တွေ ယိုင်ပြီး လဲကုန်တယ်၊အမိုးတွေလည်း ပျက်တာ ပျက်တယ်၊ လုပ်ဖို့က ပိုက်ဆံမရှိဘူး၊အခု စားဖို့တောင် အခက်အခဲဖြစ်နေကြရတယ်”လို့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
အခုလပထမပတ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကျောက်တော်မြို့နယ် ညောင်ချောင်းစခန်းမှာ အိမ်ခြေ တရာ့ငါးဆယ် ကျော်၊ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းမှာ နှစ်ရာ၀န်းကျင်၊ မြောက်ဦးမြို့ မြတန် ဆောင်း စခန်းမှာ သုံးဆယ်ကျော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်ဘူတာစခန်းမှာ နေအိမ်ဆယ်လုံးလောက် ပျက်စီးခဲ့ တာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ တဲအိမ်တွေကို ယာယီပြုပြင်နေထိုင်နေကြရတာ ဖြစ် ပြီး အဲဒီအိမ်တွေဟာ အခု ရေကြီးမှုကြောင့် ထပ်မံပျက်စီးခဲ့ကြရတယ်လို့ ဆိုပါတယ်။
“မိုခါတုန်းကလည်း ကိုယ်ထူကိုယ်ထပဲ ပြင်ခဲ့ကြရတယ်၊အခုလည်း အိမ်တွေပြင်ဖို့ အကူအညီလိုနေပါတယ်”လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။
စစ်ရှောင်စခန်းတွေမှာ နေအိမ်တွေ ပျက်စီးသွားခဲ့တဲ့အပြင် ရက်ရှည် ရေလွှမ်းနေခဲ့တာကြောင့် ရွံ့နွံတွေထကာ လမ်းတွေလည်း ပျက်စီးသွားခဲ့လို့ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ သွားလာဖို့ ခက်ခဲနေတယ်လို့လည်း ဆိုကြ ပါတယ်။
“လမ်းတွေက နွံနစ်တွေ ထနေတယ်၊ကလေးတွေဆို သွားလို့ အဆင်မပြေဘူး၊ကျောင်းတက်ဖို့ အခက်အခဲရှိ တယ်”လို့ တိမ်ညိုစခန်းမှာနေထိုင်တဲ့ စစ်ရှောင်တဦးက ပြောပါတယ်။
ရခိုင်က လေဘေး၊ ရေဘေးသင့် ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ အရေးပေါ် လို အပ်နေပြီး အမြန်ဆုံးကူညီပေးကြဖို့ နိုင်ငံတကာနဲ့ ကူညီရေးအဖွဲ့တွေကို ရခိုင့်တပ်တော်(AA)က ထုတ်ပြန်ချက် ထုတ်ပြီး အကူအညီတောင်းခံထားပါတယ်။
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့(WFP)ရဲ့ လစဉ် ငွေကြေးအထောက်အပံ့တခု တည်း နဲ့သာ ရပ်တည်နေကြရတာဖြစ်ပြီး အဲဒီထောက်ပံ့မှုကလည်း လောက်ငှမှု မရှိဘူးလို့ ပြောကြပါတယ်။
WFP ဟာ စစ်ရှောင်တဦးကို တလ ငွေကျပ် ၂၁၀၀၀ စီ ထောက်ပံ့ပေးနေတာဖြစ်ပြီး စစ်တပ်အာဏာမသိမ်း ခင် တုန်းကတော့ အစိုးရရဲ့ လှုမှု၀န်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၀န်းကြီးဌာနကလည်း ဆန်ရိက္ခာ တွေ လစဉ်ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဆန်ရိက္ခာ ပုံမှန်မပေးတော့ဘဲ ၂၀၂၂ ခုနှစ် နှစ်ဆန်း ပိုင်းကစလို့ ဆန်ထောက်ပံ့မှုကို လုံး၀ဖြတ်တောက်ခဲ့ပါတယ်။ ရခိုင်မှာ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ခြောက် သောင်းကျော် ရှိနေသေးတယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။
PHOTO CJ