သြဂုတ်၊ ၂၁
စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့ကနေ မုံရွာ-မန္တလေး – ရန်ကုန် ဘက်ကိုသွားတဲ့ မဟာမြိုင်ကားလမ်းမှာ စစ်ရေး တင်းမာမှုတွေကြောင့်လမ်းပိတ်နေတာ နှစ်ပတ်လောက်အထိကြာလာတဲ့အတွက်ကလေးဒေသမှာစက်သုံးဆီ အပါ အဝင်ကုန်စည်တွေ ဈေးမြင့်တက်နေတယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။
“ဓာတ်ဆီကမြို့ထဲကဆိုင်တွေအကုန်ပြတ်ပြီ၊ဒီမနက်ကဆို မြို့လယ်က B.O.C ဆိုင်တောင်ပိတ်ထားတာ၊အိုဆိုမှာ တော့ထည့်လို့ရသေးတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
ကလေးမြို့မှာအရင်က ဓာတ်ဆီ 92 တလီတာကို ကျပ်၂၈၅၀ ၊ 95 တလီတာကို ကျပ်သုံးထောင် လောက်သာရှိ ပေ မယ့်အခုလက်ရှိတလီတာကိုလေးထောင်နဲ့အထက်ကနေကျပ်ငါးထောင်အထိဖြစ်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆန်၊ဆီစျေးတွေ၊စားသောက်ကုန်စျေးတွေပါတက်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“အရင်ကဆန်တအိတ်တသိန်းကနေ ခုတသိန်းနှစ်သောင်း၊ ဆီတပုံးတသိန်းနှစ်သောင်းကနေ တသိန်းခွဲထိတက် သွားတယ်၊ဆန်၊ဆီကကိုယ့်နယ်ထွက်ဆိုပေမယ့် တခြားကုန်ပစ္စည်းတွေတက်တော့လိုက်တက်ကြတော့တာ” လို့ ဒေသခံအိမ်ရှင်မတဦးကပြောပါတယ်။
ကားလမ်းပိတ်တာကြောင့် ဆန်၊ဆီစျေးတွေအပြင် အသေးစားစားသောက်ကုန်တွေကလည်း သိသိသာသာ ဈေး နှုန်းမြင့် တက်လာတယ်လို့ဆိုပါတယ်။
“အရင်ကအိန္ဒိယဆားတထုပ်ခုနစ်ရာ၊ရှစ်ရှာကနေခုထောင့်နှစ်ရာ၊ကြက်ဥကတလုံးနှစ်ရာ့ငါးဆယ်ကနေတလုံး လေးရာ၊ငါးရာ၊ငှက်ပျောစီးတဖီးထောင့်ငါးရာကနေခုသုံးထောင့်ငါးရာ၊ငါးဆိုပြောမနေနဲ့ ငါးစင်ရိုင်းတပိသာသုံး သောင်းခွဲ၊ပြောရင်းမောလာပြီ” လို့ ကလေးမြို့ခံနောက်အိမ်ရှင်မတဦးကပြောပါတယ်။
ကလေး-ကလေးဝ-ရေဦး-တန့်ဆည် မဟာမြိုင်လမ်းမကြီးပေါ်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား စစ်ရေးတင်းမာနေတာကြောင့် ဩဂုတ်(၅)ရက်ကစပြီး အဲ့ဒီလမ်းပိုင်း အသုံးပြုတာကို လက် ရှိအချိန်ထိ ကန့်သတ်ထားတာဖြစစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ကလေးမြို့ရဲ့အရှေ့ဘက် ကလေးဝမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေက အခုလဆန်းကတည်း က တိုက်ပွဲပြင်းထန်နေကြတာပါ။အာဏာသိမ်းပြီးနောက် မဟာမြိုင်လမ်းပေါ်မှာ တိုက်ပွဲတွေမကြာမကြာ ဖြစ်လေ့ရှိပြီး တိုက်ပွဲဖြစ်တိုင်းမှာ အဲ့ဒီလမ်း အသုံးပြုမှုပိတ်ဆို့ခံရလေ့ရှိပါတယ်။
ဒီလိုကန့်သတ်ထားတာကြောင့် မဟာမြိုင်လမ်းမှာကားအစီးနှစ်ရာလောက်ပိတ်မိနေတယ်လို့လည်း ယာဥ်မောင်း အသိုင်းအဝိုင်းဆီကနေသိရပါတယ်။
မဟာမြိုင်ကားလမ်းပိတ်နေတာကြောင့် ကလေးမြို့ကနေ မုံရွာ၊ရန်ကုန်၊မန္တလေးသွားမယ့်ကားတချို့ဟာ ချင်း ပြည်နယ်ဟားခါးဖက်ကနေပတ်ပြီးသွားနေကြတာလည်းရှိတယ်လို့ ယာဥ်မောင်းတဦးကဆိုပါတယ်။
“သွားသာသွားနေကြတာ တွက်ခြေကိုက်ဖို့မလွယ်ဘူး၊နှစ်ဖက်လုံးပေါ့၊ ဆီဖိုး၊တခြားဟာတွေရောဆို ကုန်ကျစရိတ် ကနှစ်ဆပဲ” လို့သူကပြောပါတယ်။
ဒါ့အပြင်ဟားခါးဘက်ကနေကုန်စည်သယ်ယူတာဟာကလေးလွင်ပြင်ဒေသအတွက်လုံလောက်မှုမရှိနိုင်ဘူးလို့ လည်းသူကဆိုပါတယ်။
ကလေးမြို့နယ်ဟာ ဗမာနဲ့ချင်းတိုင်းရင်းသားတွေအများစုနေထိုင်ပြီး လူဦးရေသုံးသိန်းခွဲဝန်းကျင်ရှိကာ အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့မြို့လည်းဖြစ်ပါတယ်။