သြဂုတ်၊ ၂၁
မုံရွာအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းရွှေ့ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၊ ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးသွားမယ်လို့ သြဂုတ်လ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။
ဒေါက်တာဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီး အခြားထိခိုက်ခံစားခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရပြီး ‘’ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်’’ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကို စစ်ကောင်စီက ကားငါးစီးနဲ့ မန္တလေးနဲ့ မြင်းခြံအကျဉ်းထောင်တွေကို ပြောင်းရွှေ့ချိန် လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အသက် ၃၃ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင် သေဆုံးသွားခဲ့ရတာပါ။
NUG ရဲ့ ထုတ်ပြန်ချက်မှာတော့ အကျဉ်းထောင်ပြောင်းရွှေ့ချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ရသလို အပြင်းအထန် ဒဏ်ရာရရှိတဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးနဲ့ အခြားဒဏ်ရာရသူ သုံးဆယ် ဦးကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး( NUG )ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
မုံရွာမြို့မှာ မနောဥယျာဉ်နာမည်နဲ့ ကချင်ရိုးရာ စားသောက်ဆိုင် ဖွင့်လှစ်ထားတဲ့ ဒေါက်တာဇော်ထွယ်အောင်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှုဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် တော်လှန်ရေးမှာပါဝင်လာခဲ့ပြီး တိုက်ပွဲမှာထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးဝါးကုသပေးနေရာက လက်ကောက်ဝတ်ရိုးကျိုးလို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှာ နေအိမ်ကိုပြန်လာချိန် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက်စစ်ကောင်စီလုံခြုံရေးတွေက ညှင်းပန်းနှိပ်စက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ပုဒ်မ ၅၀ (ည) ၊ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီNUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေါက်တာဇော်ထွယ်အောင်ရဲ့ မိသားစုဝင်တွေထံ DNA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ လတ်တလောမှာတော့ ဘာမှဖြေဆိုလိုစိတ်မရှိဘူးလို့သာ ပြောဆိုခဲ့ပါတယ်။