လားရှိုးနဲ့ ကွတ်ခိုင်ဘက်မှာ စစ်တပ်နဲ့ TNLA တရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပြီး စစ်ရေးတင်းမာ

သြဂုတ်၊ ၂၁
 
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ သြဂုတ်လ ၁၉ ရက်တရက်တည်းမှာပဲ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တာဝန်ရှိသူတဦးက ပြောပါတယ်။
 
” စစ်ကောင်စီက TNLA စခန်းတွေရှိတဲ့ ဘက်ခြမ်းကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာ။ ထိခိုက်မှုကတော့ TNLA ဘက်က မရှိဘူး။ စစ်ကောင်စီဘက်အခြေအနေကိုတော့ မသိဘူး ” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက DNA ကို ပြောပါတယ်။
 
အဲဒီလို သြဂုတ်လ ၁၉ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သြဂုတ်လ ၂၀ ရက်နဲ့ ဒီကနေ့ ၂၁ ရက်တွေမှာတော့ ထိတွေ့တိုက်ပွဲ ဖြစ်တာမျိုး မရှိသေးဘဲ နှစ်ဖက်စစ်ရေးတင်းမာမှုတော့ ရှိနေတယ်လို့ သိရပါတယ်။
 
လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီးတလျှောက် လားရှိုးမြို့ကနေ သိန္နီ ဘက်ကို ကားနှစ်စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ၁၄ မိုင်အရောက် သြဂုတ် ၁၉ ရက်၊ နေ့လယ် တနာရီလောက်မှာ TNLA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။
 
အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ TNLA အမှတ် (၅) စစ်ဒေသဖြစ်တဲ့ ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် – စကခ (၁၆) လက်အောက်ခံ ခလရ (၂၄၂) က တပ်ဖွဲ့ဝင်တွေနဲ့ TNLA တပ်ဖွဲ့ဝင်တွေကြား မန်ပန်ရွာအနီးမှာပဲ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
 
အလားတူပဲ အဲဒီနေ့ ညနေ သုံးနာရီလောက်မှာတော့ ကွတ်ခိုင်မြို့ဘက်ကနေ နမ့်ဖက်ကာဘက်ကို ကား ၂၁ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ TNLA တပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
 
” ထိုးစစ်ဆင်တာကတော့ သိပ်တော့ မထူးခြားပါဘူး၊ အရင်ကလည်း သူတို့ လုပ်နေကျပဲ အခုက နည်းနည်း စိပ်လာတာပဲရှိတယ် ” လို့TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက ပြောပါတယ်။
 
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေက လူနေအိမ်တွေ အနီးမှာမဟုတ်လို့ လောလောဆယ် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
 
တအောင်းတပ်မတော် TNLA လှုပ်ရှားရာ ရှမ်းပြည်နယ်အတွင်းက ဒေသတချို့မှာ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၁၉ ရက်အထိ တလနီးပါးအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
 
အဲဒီတိုက်ပွဲတွေအတွင်း TNLA ဘက်က တပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့သလို သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
သြဂုတ်လ ၂ ရက်က မူဆယ်မြို့နယ်၊ ဂေါင်ရာကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ စက်သေနတ်တလက်၊ RPG တလက်နဲ့ အခြားခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – TNLA