ထိုင်းပြန်ရောက်တာနဲ့ သက်ဆင် ထောင်ထဲ တန်းဝင်ရလိမ့်မယ်လို့ တရားရေးဝန်ကြီး သတိပေး

သြဂုတ်၊ ၂၁

စည်းမျဉ်းတွေအရဆိုရင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ နိုင်ငံကို ပြန်ခြေချတာနဲ့ ထောင်ထဲ တန်းသွားရလိမ့်မယ်လို့ ထိုင်းတရားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

လက်ရှိ ထိုင်းအိမ်စောင့် အစိုးရ အဖွဲ့ရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ ယာယီ တရားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဝစ်ဆာနူ ခရီအာနမ်က သက်ဆင်ဟာ ပြည်ပမှာ တိမ်းရှောင်နေချိန် မျက်ကွယ်မှာ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်တွေကို ထိုင်းနိုင်ငံ ပြန်ရောက်လာတာနဲ့ မလွှဲမရှောင်သာ ခံယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် ၂ နှစ်အကြာမှာ ပြည်ပကို တိမ်းရှောင်သွားခဲ့ပါတယ်။ အကြောင်းကတော့ သူ့ကို စွဲချက်တချို့အရ ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက သူ့ဖခင်ဟာ ဩဂုတ် ၂၂ ရက်ကျရင် ဘန်ကောက်မြို့ဆီ ပြန်လာတော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ ပေတွန်တန်ဟာ သက်ဆင် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ ခေါင်းဆောင်တဦးပါ။ သက်ဆင် ပြန်လာမယ်လို့ ကြေညာတဲ့နေ့ဟာ ထိုင်းလွှတ်တော်ထဲမှာ PTPက အဆိုတင်သွင်းမယ့် ဝန်ကြီးချုပ်လောင်းကို မဲခွဲ အဆုံးအဖြတ် ခံယူမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဘန်ကောက်မှာရှိတဲ့ ဒွန်မောင်း လေဆိပ်ကို သက်ဆင် ရောက်ရှိလာတဲ့အချိန် ရဲတွေက ဆီးကြိုပြီး ဖမ်းဆီးမလား ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် လုပ်ထုံးလုပ်နည်းအရတော့ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ ထိုင်းပိုင်နက်ကို ခြေချပြီးတာနဲ့ ထောင်ထဲ တန်းဝင်ရမှာ ဖြစ်တယ်လို့ ဝစ်ဆာနူက မှတ်ချက် ပေးခဲ့ပါတယ်။

ဒါဟာ သက်ဆင်တယောက်တည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘဲ ထိုင်းနိုင်ငံသားတိုင်းအပေါ် လွှမ်းခြုံတဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ တုံ့ပြန်ဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုမျိုး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ သက်ဆင်ဟာ တရားရုံးချုပ်ဆီ ခေါ်ဆောင်သွားတာ ခံရပြီး အဲဒီမှာ လိုအပ်တဲ့ ချုပ်မိန့် ချမှတ်တာ ခံယူ၊ အဲဒီကနေမှတဆင့် စီစဉ်ထားတဲ့ အကျဉ်းထောင်ဆီ ပို့ဆောင်တာ ခံရမယ်လို့ ဝစ်ဆာနူက ဆက်ပြောပါတယ်။

သက်ဆင်က သူဟာ ဘယ်လို အမှားအယွင်းနဲ့ ပြစ်မှုမျိုးကိုမှ ကျူးလွန်မထားခဲ့ဘဲ သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ ဆိုတာကလည်း နိုင်ငံရေး ထိုးနှက်မှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန် ဝေဖန်ထားပါတယ်။ သက်ဆင်ဟာ အစောပိုင်းက ဩဂုတ် ၁၀ ရက်မှာ ပြန်လာဖို့ စီစဉ်ခဲ့ပေမယ့် ကျန်းမာရေးအရ ဆေးစစ်မှုတွေ ခံယူဖို့ အကြောင်းပြပြီး ရက်ရွှေ့ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ သူဟာ ထိုင်းကို တကယ်ပြန်လာတော့မယ်လို့ သက်ဆင်က သမီးဖြစ်သူရဲ့ ကြေညာချက် အပြီးမှာ သီးခြား မှတ်ချက် ပေးခဲ့ပါတယ်။

သက်ဆင်က သူဟာ အသက်ကြီးလာပြီဖြစ်ပြီး ကိုယ့်နိုင်ငံမှာပဲ မြေးတွေ၊ မိသားစုတွေနဲ့အတူ အခြေတကျ နေထိုင်ချင်ပြီလို့လည်း ဆိုပါတယ်။ ဘီလီယံနာ လုပ်ငန်းရှင် သူဌေးကြီး တဦးလည်းဖြစ်တဲ့ သက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး ပြည်ပမှာ တိမ်းရှောင်နေခဲ့ရတဲ့တိုင် လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံရေးမှာ အရှိန်အဝါ အကြီးဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

 

Ref: Bangkok Post