ကလေးမြို့၊ သာစည်ရွာကို စစ်ကောင်စီတပ်က ခြောက်ရက်ဆက်တိုက်မီးရှို့နေ

သြဂုတ်၊ ၂၁
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဘက်သုံးမိုင်အကွာက သာစည်ကျေးရွာကို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက သြဂုတ်လ ၂၁ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ မီးဆက်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ဒီကနေ့လည်း မီးခိုးလုံးတွေ မဲနေတာပဲ။ ယောတိုက်ကို ရှို့နေတာပါ။ ဘေးပတ်ဝန်းကျင်ကိုလည်း ပစ်ခတ်နေကြတယ်။ ကလေးကနေလည်း လက်နက်ကြီးတွေ ပစ်နေတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အင်အားတရာကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက သြဂုတ်လ ၁၅ ရက်မှာ စစ်ကြောင်းထိုးပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ်လ ၁၆ ရက်၊ မနက်ပိုင်းကစပြီး သာစည်ကျေးရွာကို မီးရှို့နေတာပါ။
 
” သူတို့ ရွာထဲမှာ အိမ်တွေရှိနေတုန်းက ရွာကို တော်တော်တန်တန်မဝင်ရဲကြဘူး။ ဒီတော့ ရွာလယ်ပိုင်းကစ ရွာနောက်ပိုင်း အားလုံးကို ရှို့နေတဲ့ သဘောပဲ။ မီးလောင်တဲ့ အိမ်ခြေကတော့ အနည်းဆုံး နှစ်ရာလောက်ရှိပြီလို့ ခန့်မှန်းရတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သာစည်ကျေးရွာဟာ အိမ်ခြေတထောင်ကျော်ရှိတဲ့အပြင် အိမ်ကြီးအိမ်ကောင်းတွေ များပြားသလို အိမ်ဝင်းတွေလည်း ကျယ်တာကြောင့် ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ အိမ်တလုံးချင်း လိုက်လံရှို့နေရပုံရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
စစ်ကောင်စီတပ် ရွာထဲမှာ ရှိနေတာကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေအရေအတွက်ကို အတိအကျ မသိရှိရသေးပေမယ့် အနည်းဆုံး နှစ်ရာဝန်းကျင်ရှိမယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
” မြို့နဲ့လည်း နီးတော့ မီးခိုးလုံးကြီးတွေ မြင်နေရတာ တပတ်လောက်ရှိနေပြီလေ။ မြင်ရင် ရင်ထဲမှာ ဆို့ဆို့လာတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အခုလက်ရှိအချိန်မှာတော့ သာစည်ရွာက အရပ်သားအားလုံးဟာ ဘေးလွတ်ရာနီးစပ်တဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဓာတ်ပုံ – CJ