သြဂုတ်၊ ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် သုံးမိုင်အကွာက အိမ်ခြေတထောင်ကျော်ရှိတဲ့ သာစည်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက သြဂုတ် ၁၆ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ မီးရှို့ခဲ့တာမှာ အနည်းဆုံးအိမ်ခြေ တရာ့ငါးဆယ်ကျော် မီးလောင်ကျွမ်းပြီး ဖြစ်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
” ရွာလယ်လမ်းမကြီး ရွာမတိုက်ကနေ စရှို့တာ၊ စမ်းချောင်းတိုက်၊ စလင်းတိုက် အကုန်ရှို့တာ။ လမ်းကြိုလမ်းကြားကစ မချန်ဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ သာစည်ကျေးရွာကို ငါးရက်တာ မီးရှို့မှုကြောင့် အခုအချိန်အထိ မီးခိုးတွေထနေဆဲဖြစ်ပြီး အနည်းဆုံး အိမ်ခြေတရာငါးဆယ်ကျော်၊ နှစ်ရာဝန်းကျင် လောင်ကျွမ်းပြီး ဖြစ်မယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အင်အားတရာကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ကနေ သာစည်ရွာဘက်ကို သြဂုတ်လ ၁၅ ရက်၊ မနက်အစောပိုင်းမှာ စထွက်လာပြီး မနက် ၉ နာရီလောက်မှာ ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်အကျအဆုံး မသိရပါဘူး။
အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ ၁၅ ရက် အဲဒီနေ့ကနေ၊ သြဂုတ်လ ၂၀ ရက် ဒီကနေ့အထိ ငါးရက်ဆက်တိုက် သာစည်ရွာကို မီးရှို့နေတာလည်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ မီးမရှို့ခင်မှာ သာစည်ရွာက ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်ကြပြီး အိမ်ကြီးအိမ်ကောင်းတွေကို ဘူဒိုဇာနဲ့ ထိုးဖြိုကာ မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကြိုတင်မျော်လင့်ထားပြီးသားပါ။ အဖေ့အမွေပစ္စည်းလေးတွေ အဖိုးတော့ မတန်ပေမယ့် မီးထဲပါသွားတာ နှမျောတယ်။ အမျိိူးသမီးတချို့ကတော့ ရှိုက်ကြီးတငင် ငိုကြတာမျိုး ရှိပါတယ် ” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ သာစည်ရွာက အရပ်သားအားလုံးဟာ ဘေးလွတ်ရာနီးစပ်ရာ ကျေးရွာတွေမှာ တိမ်းရှောင်နေကြရပြီး ရွာထဲမှာလည်း ပစ်ခတ်သံတချို့ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း သာစည်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဟာ ရွာထဲက နေအိမ်ခြောက်လုံးလောက်ကို မီးရှို့ခဲ့ပါသေးတယ်။
ဓာတ်ပုံ – CJ