မန္တလေးမှာ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးနဲ့ လ.၀.က ရုံးဗုံးပေါက်ကွဲ၊ခြောက်ဦးဒဏ်ရာရ

သြဂုတ် ၊ ၁၉

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လ.၀.က ရုံးနဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးမှာ မနေ့ကညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ချမ်းမြသာစည်မြို့နယ် ၇၈ လမ်း ၁၀၃ လမ်းနဲ့ ၁၀၄ လမ်းကြားရှိ မြို့နယ် လ.၀.က ရုံးကိုမနေ့ကညနေ သုံးနာရီဝန်းကျင်မှာအမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လက်လုပ်မိုင်းတလုံးပစ်သွင်းခဲ့တာကြောင့် ခြောက်ဦးလောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

“အမျိုးသမီး တဦးနဲ့ အမျိုးသား ငါးဦးလောက်ထိ ခိုက်ဒဏ်ရာရသွားတယ်၊ကောင်မလေးကတော့ အ တော်လေးဒဏ်ရာပြင်းထန်တယ်၊အမျိူးသားတွေကတော့ လက်ထိတာတို့ ခြေထောက်ထိတာလို့ အဲလောက်ပဲဖြစ်သွားတာပေါ့၊ လ.၀.က ရုံးဆိုတော့ မှတ်ပုံတင်လာလုပ်တဲ့သူတွေ ထိတယ်လို့လည်း ပြောတာပေါ့နော်၊အမျိုးသားတွေထဲကတော့ ၀န်ထမ်းတဦးပါတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

 ချမ်းမြသာစည်မြို့နယ် လ.၀.က ရုံးကို ဒေသကာ ကွယ်ရေး ပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ NO More Dictatorship People Defence force-NMD အဖွဲ့ နဲ့ အတူ Demon Revolution Army နဲ့ ဂဌုန်ဝါတပ်ဖွဲ့ တို့ကပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့တွေက မနေ့ကထုတ်ပြန်ထားပါတယ်။ 

အဲဒီရုံးကစစ်ကောင်စီလက်အောက်ခံ၀န်ထမ်းတွေအနေနဲ့ ပြည်သူတွေကို မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မဖြစ်မနေပြုလုပ်ဖို့ ဖိအားပေးနေသလို ပြည်သူတွေဆီက ငွေကြေးအဆမတန်တောင်းခံနေတဲ့အ တွက် တိုင်ကြားချက်အရ အခုလို ဖောက်ခွဲတိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြည်သူထိခိုက်မှုမရှိစေဖို့အတွက် ရုံးဆင်းချိန်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက် အောက်ခံ ၀န်ထမ်း​တွေသာထိခိုက်ဒဏ်ရာရခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

အလားတူမနေ့က ညနေ သုံးနာရီကျော်လောက်မှာလည်း ချမ်းမြသာစည်မြို့နယ် ဦးပွားဂုန်းကျော် အ ဆင်းရှိ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကိုလည်း အဲဒီ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဗုံးပစ်တိုက်ခိုက်ခဲ့သေးတယ်လို့ တဆက်တည်းထုတ်ပြန်ထားပါတယ်။

ရပ်ကွက်ရုံးအတွင်း ဘန်ကာတွေနဲ့ အခိုင်အမာတပ်စွဲထားတဲ့ ရုံးကို စစ်ကောင်စီခန့် အုပ်ကြီးတွေ ပျူစောထီးအဖွဲ့၀င်တွေနဲ့ စစ်ကောင်စီတပ်သားတွေ စုဝေးနေချိန် ဗုံးပစ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 အဲ့ဒီ ရပ်ကွက်ရုံးဟာ မကြာခဏ ဗုံးပစ်တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်တွေက ရုံးအရှေ့ လမ်းတဖက်ကို ပိတ်ပြီး သဲအိတ်၊ ဘန်ကာတွေနဲ့ လုံခြုံ ရေးယူထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

“ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးနဲ့ လ.၀.က ရုံးက ဘယ် လောက်မှ မဝေးဘူး နီးနီးလေးပါ၊ကြည့်ရတာတော့ ရုံးနှစ်ခုကို တခါတည်းဗုံးပစ်သွားတဲ့သဘောပါ၊ ရပ်ကွက်ရုံးမှာ ကွဲတာတော့ လူထိတာမရှိပါဘူး

၊ ဘာလို့လည်းဆိုတော့ ရုံးအရှေ့မှာ အကာအရံတွေအ များကြီးရှိတယ်လေ၊ အပြင်ဘက်မှာ စောင့်တဲ့သူတွေကခြံခတ်ပြီးနေတာဆိုတော့ ထိဖို့တော့မလွယ်နိုင်ဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။ 

မနေ့ကညနေပိုင်းက အဲဒီရုံးနှစ်ခုမှာ တဆက်တည်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်တွေက အနီးနားပတ်၀န်ကျင်းကိုစစ်ဆေးခဲ့သလိုလမ်းသွားလမ်းလာ​တွေကိုလည်းသေနတ်ပစ်ဖောက် စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

မန္တလေးမြို့ပေါ်မှာအခုလအတွင်း စစ်ကောင်စီတပ် ဖွဲ့၀င်တွေက PDF ကိုထောက်ပံ့တာ၊စစ်ခေါင်းဆောင်တွေကိုလူမှုကွန်ယက်မှာဝေဖန်ရေးသားတာတွေလုပ်ခဲ့တယ်လို့စွပ်စွဲကာစုစုပေါင်းမြို့ခံ ဆယ် ဦးထက်မနည်းကိုဖမ်းဆီးခဲ့သလို ပုဂ္ဂလိကကိုယ်ပိုင်စာ သင်ကျောင်းတကျောင်းနဲ့ နေအိမ်တလုံးကို ချိပ်ပိတ်ခဲ့ပါတယ် ။

photo စစ်တပ်ဆထာက်ခံတယ်လီဂရမ်