ယူကရိန်းဆီ F-16တွေ လွှဲပေးဖို့ ဥရောပ မဟာမိတ်တွေကို အမေရိကန် မီးစိမ်းပြ

သြဂုတ် ၊ ၁၉

ယူကရိန်းအတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ ပေးပို့နိုင်ရေးအတွက် ဥရောပ မဟာမိတ် နိုင်ငံတွေကို အမေရိကန်က ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။

နယ်သာလန်နဲ့ ဒိန်းမတ် နှစ်နိုင်ငံက အမေရိကန်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ရရှိခဲ့ပြီဖြစ်ပြီး ဒီအခြေအနေကို ကြိုဆိုကြောင်း အသီးသီး ကြေညာခဲ့ပါတယ်။ အခုအခါမှာတော့ မဟာမိတ်တွေ အနေနဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်း လေယာဉ်မှူးတွေ အကျွမ်းတဝင် ကိုင်တွယ်တတ်လာအောင် လေ့ကျင့်ပေးရေးအတွက် ပိုမို အာရုံစိုက်နိုင်လိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။

ယူကရိန်းဟာ F-16တွေရဲ့ စွမ်းဆောင်ရည်တွေကို ထိထိရောက်ရောက်နဲ့ အကျိုးအရှိဆုံး အသုံးချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်အရ အရာရှိ တဦးက ပြောပါတယ်။

F-16တွေဟာ အမေရိကန်ရဲ့ ပြည်ပကို တင်ပို့မှု အများဆုံး စတုတ္ထမျိုးဆက် တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး ဆယ်စုနှစ်တွေအတွင်း တောက်လျှောက် နည်းပညာပိုင်း အဆင့်မြှင့် မွမ်းမံမှုတွေ ဖြည့်တင်းပေးနေခဲ့ပါတယ်။ အဲဒီ အပေါ့စား တိုက်လေယာဉ်တွေဟာ ယူကရိန်း လေတပ်က လောလောဆယ် ပိုင်ဆိုင်ထားတဲ့ ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေထက် ကဏ္ဍပေါင်းစုံမှာ အားသာမှုတွေ ရှိနေပြီး ကျူးကျော်သူ ရုရှားတပ်တွေကို တုံ့ပြန် ထိုးနှက်ရာမှာ စစ်ဆင်ရေး စွမ်းရည်ကောင်းတွေ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယူကရိန်း အစိုးရက ယုံကြည်နေပါတယ်။

အမေရိကန်ဟာ ယူကရိန်းက အစဉ်တစိုက် တောင်းဆိုနေတဲ့ F-16တွေကို ကိုယ်တိုင် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ်တွေဆီ ရောင်းချပေးထားတဲ့ တိုက်လေယာဉ်တွေ ယူကရိန်းဆီ လက်လွှဲပေးတဲ့ ကိစ္စကိုတော့ ခွင့်ပြုလိုက်တဲ့ သဘောပါ။ ပြီးတော့ ယူကရိန်း လေယာဉ်မှူးတွေကို F-16တွေ ပျံသန်းနိုင်အောင် လေ့ကျင့်ပေးမယ့် အစီအမံတွေမှာလည်း အမေရိကန်က ကူညီ ပံ့ပိုးမယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေတွေအရ ယူကရိန်းဟာ F-16တွေကို ၂၀၂၄ ခုနှစ်ထက်စောပြီး လက်ခံရရှိမယ့် အလားအလာတော့ မရှိပါဘူး။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက F-16တွေဟာ လက်ရှိ စစ်ပွဲမှာ ရုရှားရဲ့ လေကြောင်း စိုးမိုးနိုင်စွမ်း သာလွန်မှုကို တန်ပြန်ရာမှာ အရမ်းအသုံးဝင်မယ်လို့ မှတ်ချက် ပေးထားပါတယ်။

နယ်သာလန်ဟာ လေတပ်မှာ လက်ရှိ သုံးနေတဲ့ F-16 ၂၄ စီးကို ယူကရိန်းဆီ လွှဲပြောင်းပေးဖွယ် ရှိနေပြီး ပိုမို ခေတ်မီတဲ့ တိုက်လေယာဉ် အသစ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဒိန်းမတ်ကလည်း F-16 အစီး ၃၀ လောက် ယူကရိန်းဆီ ပေးပို့ဖွယ် ရှိနေကြောင်း သိရပါတယ်။