မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ အရှေ့တီမောရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် ဝိရောဓိများ

သြဂုတ် ၊ ၁၉

မြန်မာနိုင်ငံ အကျပ်အတည်းကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးရင် အာဆီယံနဲ့ ပူးပေါင်းမယ့် အစီအစဉ်ကို ပြန်စဉ်းစားမယ်လို့ အရှေ့တီမော အစိုးရက ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေက ကျွန်းနိုင်ငံငယ်လေး အရှေ့ တီမောဟာ ဒီမိုကရေစီကို ထောက်ခံ အားပေးမှုနဲ့ အာဆီယံဆီ ပူးပေါင်းလိုတဲ့ ဆန္ဒကြား မူဝါဒရေးရာ လွန်ဆွဲရမယ့် အလားအလာတွေကို ထင်ဟပ်စေကြောင်း နိုင်ငံရေး သုတေသီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာရှတိုက်ရဲ့ သက်တမ်း အနုနယ်ဆုံး နိုင်ငံလေးရဲ့ ဝန်ကြီးချုပ် ဇာနာနာ ဂူစ်မာအိုက တီမော အစိုးရဟာ စစ်တပ်ကြီးစိုးတဲ့ စနစ်မျိုးကို ဘယ်နေရာမှာမှ လက်မခံနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်နှာ လွှဲမထားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အရှေ့ တီမောဟာ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေး ရလာပြီး ဒီမိုကရေစီ စနစ် ကျင့်သုံးနေတဲ့ နိုင်ငံလေး ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေကို စည်းရုံးပြီး နိုင်ငံရေး အကျပ်အတည်းကို အာဆီယံက မဖြေရှင်းနိုင်ဘူးဆိုရင် အရှေ့တီမောက အာဆီယံနဲ့ မပေါင်းပါဘူး”လို့ ဂူစ်မာအိုက ပြောပါတယ်။ သူဟာ အရှေ့တီမောရဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်း တဦးဖြစ်ပြီး သူဦးဆောင်တဲ့ ပါတီဟာ မေလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်လို့ သူတို့ကိုယ်သူတို့ နာမည်သတ်မှတ်ထားတဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက် အာဆီယံဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကူညီ ဖြေရှင်းမှုတွေမှာ အားနည်း ညံ့ဖျင်းလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အလူးအလဲ ကြုံတွေ့လာရပါတယ်။

 မူလက အခုနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပေးထားတဲ့ ကတိကို အာဏာသိမ်း စစ်တပ်က ပြန်ဖျက်ပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ နောက်ပြီး အာဏာသိမ်းမှု နောက်ပိုင်း သူတို့ပဲ ကြေညာထားတဲ့ အရေးပေါ် အခြေအနေ ကာလကို သက်တမ်း ထပ်တိုးလိုက်ပါတယ်။

 ဂူစ်မာအိုက မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံနဲ့ မပူးပေါင်းဘူးလို့ ပြောပေမယ့် တစ်ဖက်မှာတော့ အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာက ပိုမို ပျော့ပျောင်းတဲ့ သဘောထားမျိုးနဲ့ မှတ်ချက် ပေးထားတာ တွေ့ရပါတယ်။ သူက အာဆီယံ အဖွဲ့ဝင် ဖြစ်ဖို့ဟာ အရှေ့တီမောရဲ့ သတ်မှတ်ထားတဲ့ ကံကြမ္မာ တခုလို့ ယူဆသင့်ပြီး အာဆီယံက မြန်မာ့ အကျပ်အတည်းကို လုံးလုံးလျားလျား တာဝန်ယူ ဖြေရှင်းသင့်တယ်လို့ သတ်မှတ်ထားတာက မမျှတဘူးလို့ ဟော်တာက ဆိုတယ်။

 အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာ (CSIC)ရဲ့ သုတေသီ တဦးဖြစ်သူ မူဟာမက် ဝက်ဖား ခါရစ္စမာက ဝန်ကြီးချုပ် ဂူစ်မာအိုရဲ့ စကားတွေဟာ အာဆီယံကို အရှေ့တီမော ပူးပေါင်းမယ့် ပကတိ အခြေအနေတွေကို ဆန်းစစ်ဖို့ ဖြစ်လာစေကြောင်း မှတ်ချက်ပေးပါတယ်။

 အရှေ့တီမောဟာ အာဆီယံ ဝင်ခွင့် လျှောက်ထားပြီး ဖြစ်စေမယ့် တင်းပြည့်ကျပ်ပြည့် အဖွဲ့​ဝင် ဖြစ်လာဖို့ကတော့ အချိန်ကာလတခု စောင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအတောအတွင်းမှာ အရှေ့တီမောက သူတို့ဟာ အခြေခံ အရမ်းခိုင်မာတဲ့ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် ပြင်းပြင်းပြပြ ထောက်ခံလိုတဲ့ ဆန္ဒရှိကြောင်း ပြသလိုက်တာ ဖြစ်မယ်လို့ ခါရစ္စမာက ဆိုတယ်။ ဒီအခြေအနေက အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ပြည်တွင်းရေး ဝင်မစွက်ရေးမူ အပါအဝင် သမားရိုးကျ စံနှုန်းတွေနဲ့ ယှဉ်ရင် တော်တော်ကြီး အံလွဲနေမယ့် သဘောပါပဲ။

“အဲဒီ ကြားမဝင်စွက်ရေး မူဟာ အခုထိ ခိုင်ခိုင်မာမာ လက်ခံ ကျင့်သုံးနေဆဲလို့ ယူဆရပါတယ်”လို့ ခါရစ္စမာက ပြောပါတယ်။ အရှေ့တီမောက အာဆီယံရဲ့ ၁၁ ခုမြောက် နိုင်ငံ ဖြစ်လာဖို့ နီးစပ်နေချိန်မှာ ဂူစ်မာအိုရဲ့ မှတ်ချက်တွေက အဖွဲ့အစည်းထဲမှာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အသံတွေ ပိုမို နေရာရနိုင်မလားဆိုတဲ့ စိုးရိမ်မှုကို မြင်သာစေကြောင်း သူက ဆိုတယ်။

 အရှေ့တီမောဟာ လွတ်လပ်ရေး ရလာချိန်ကစလို့ ဆယ်စုနှစ် တခုကျော်ကြာအောင် အာဆီယံ ဝင်ခွင့်ရဖို့ အပတ်တကုတ် ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလမှာတော့ အရှေ့တီမောကို လက်ခံဖို့ အာဆီယံဖက်က ခေါင်းစညှိတ်လိုက်ပါတယ်။ အစောပိုင်းတုန်းက အာဆီယံဟာ အရှေ့တီမော အနေနဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင် ဖြစ်နိုင်လောက်အောင် လုံလောက်တဲ့ နောက်ခံ အခြေအနေနဲ့ အရင်းအမြစ်တွေ ရှိပါ့မလား ဆိုပြီး စိုးရိမ်နေခဲ့ပါတယ်။ အရှေ့တီမောရဲ့ နိုင်ငံသား တဦးချင်းဝင်ငွေ GDPဟာ ၂၀၂၁ ခုနှစ်တုန်းက ပျမ်းမျှ တနှစ်ကို ၃၃၃၆ ဒေါ်လာသာရှိပြီး အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတခုအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

မေလတုန်းက အင်ဒိုနီးရှားမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ အာဆီယံက အရှေ့တီမောရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် လျှောက်ထားမှုကို လက်ခံဖို့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍတွေ အပါအဝင် လမ်းပြမြေပုံ တခုကို ရေးဆွဲခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံနဲ့ ညီညွတ်အောင် အရှေ့တီမောက လိုက်နာတဲ့အခါ အာဆီယံ အဖွဲ့ဝင် ဖြစ်လာမှာပါ။

မြို့တော် ဒီလီမှာ ရှိနေတဲ့ အရှေ့တီမော အစိုးရဟာ အရေးပါတဲ့ သဘောတူညီမှု ၆၆ ခုကို လက်မှတ် ရေးထိုးရမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အာဆီယံ ကုန်စည် ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်၊ အာဆီယံ စုပေါင်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေလည်း ပါဝင်မှာပါ။

အရှေ့ ပင်လယ်အော် ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ပါမောက္ခ တဦးဖြစ်သူ မာရီ အော်တက်စ်တီက အရှေ့တီမော အနေနဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်ဖို့ ရည်မှန်းတဲ့အခါ မြန်မာ့ အရေးကို အကြောင်းပြုပြီး အတော်လေး ဟန်ချက်ညီအောင် ရုန်းကန်ရမယ်လို့ သုံးသပ်ခဲ့ပါတယ်။ တကယ်တော့ အရှေ့တီမော အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကဏ္ဍတွေမှာ အတိအလင်း ထောက်ခံ ရပ်တည်ခဲ့တာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

၂၀၀၄ ခုနှစ်တုန်းက ဂူစ်မာအိုဟာ အဲဒီအချိန်မှာ နေအိမ် အကျယ်ချုပ် ချခံထားရသူ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ဖူးပါတယ်။ အရှေ့တီမောက ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံတခုအဖြစ် ပီပီပြင်ပြင် ရပ်တည်ဖို့ ချီတက်နေတာဟာ အာဆီယံရဲ့ အရိုးစွဲနေတဲ့ သဘောထားတွေကို ဆန့်ကျင်နေပြီး ပိုမို လက်တွေ့ကျတဲ့ ရွေးချယ်မှု တခုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အော်တက်စ်တီက ပြောပါတယ်။

“သမ္မတ ဟော်တာကတော့ လက်တွေ့ပိုကျတဲ့ ချဉ်းကပ်မှုကို ရွေးချယ်တယ် ထင်တယ်”လို့ အော်တက်စ်တီက အရှေ့တီမောရဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်ခွင့် အားထုတ်မှု နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို မှတ်ချက် ပေးပါတယ်။ ဥပမာ ၂၀၀၄ ခုနှစ်မှာ အဲဒီတုန်းက မြန်မာ စစ်အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခြေလှမ်းအတွက် ကြုံခဲ့ဖူးတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဟော်တာက စာနာတဲ့ သဘောထားမျိုးတွေ ပြောခဲ့ဖူးတာကို အော်တက်စ်တီက ထောက်ပြပါတယ်။

တဖက်မှာလည်း အရှေ့တီမော အစိုးရ အနေနဲ့ ကိုယ့်နိုင်ငံက ပြည်သူတွေရဲ့ အသံကိုလည်း နားစွင့်ဖို့ လိုနေပါတယ်။ ဥပမာ ဧပြီလတုန်းက အရှေ့တီမော အရပ်ဖက် အဖွဲ့အစည်းတွေက သမ္မတ ဟော်တာ အနေနဲ့ မြန်မာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အရောတဝင် မလုပ်ဘဲ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့ တောင်းဆိုခဲ့ကြဖူးတယ်။

ဇူလိုင်လမှာတော့ NUG ကိုယ်စားလှယ်တွေက ဒီလီမြို့တော်ဆီ ရောက်ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ခဲ့ပြီး အဲဒီ အခြေအနေတွေကို ခြုံကြည့်ရင် အရှေ့တီမောရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ဟန်ချက်ညီအောင် ထိန်းညှိဖို့ အတော်ခက်ခဲတာကို မြင်နိုင်တယ်လို့ အော်တက်စ်တီက ပြောပါတယ်။

ပြောရမယ်ဆိုရင် အာဆီယံထဲမှာတင် အဖွဲ့ဝင် နိုင်ငံတွေကြား မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမြင်ကွဲပြားမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတယ်။ ဒီတော့ မြန်မာ စစ်ကောင်စီဖက်ယိမ်းတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့က အရှေ့တီမောရဲ့ မြန်မာ့အရေး သဘောထား တင်းမာမှုကို အကြောင်းပြုပြီး အာဆီယံ ဝင်ခွင့်အတွက် ကန့်ကွက်တာတွေ ရှိကောင်း ရှိလာနိုင်တယ်လို့ အော်တက်စ်တီက ဆိုတယ်။

တကယ်တော့ အရှေ့တီမောရဲ့ အာဆီယံ ဝင်ရောက်လာနိုင်ခြေကို စင်ကာပူနဲ့ လာအိုတို့လို အဖွဲ့ဝင် နိုင်ငံတချို့က စိုးရိမ်တာတွေ ရှိနေပါတယ်။ အထူးသဖြင့် အရှေ့တီမောရဲ့ တိုးတက်မှု နှေးကွေးတဲ့ နောက်ခံ အခြေအနေတွေကြောင့် အာဆီယံထဲ ဝင်လာရင် ဒေသတခုလုံးရဲ့ စီးပွားရေး ချိတ်ဆက် ဆောင်ရွက်မှုတွေမှာ ထိခိုက် သက်ရောက်လာမှာကို ထောက်ပြ ဝေဖန်တာတွေ ရှိခဲ့ဖူးပါတယ်။ စင်ကာပူ အပါအဝင် အာဆီယံကို ဦးဆောင် တည်ထောင်ခဲ့တဲ့ နိုင်ငံ တချို့က ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းနှစ်တွေမှာ အာဆီယံကို ၅ နိုင်ငံကနေ ၁၀ နိုင်ငံ တိုးမြှင့် ဖွဲ့စည်းလိုက်တဲ့နောက် ကိုင်တွယ်ထိန်းသိမ်းရ ပိုခက်သွားကြောင်း မှတ်ချက် ပေးခဲ့ကြဖူးပါတယ်။

ဗီယက်နမ်က ၁၉၉၅ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင် ဖြစ်လာပြီး လာအိုနဲ့ မြန်မာတို့က ၁၉၉၇ မှာ ပူးပေါင်းလာကြတယ်။ ကမ္ဘောဒီးယားကတော့ ၁၉၉၉ ခုနှစ်မှာ အာဆီယံထဲ ရောက်လာပါတယ်။

အရှေ့တီမောက မြန်မာ့အရေးကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ရင် အာဆီယံထဲ မဝင်ချင်ဘူးလို့ ပြောလာတဲ့ စကားမျိုးအတွက် လက်ရှိ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနိးရှားကလည်း တနှစ်တာ ကာလလုံး မြန်မာ့ ပဋိပက္ခကို ကြားဝင် ဖြေရှင်းဖို့ နည်းလမ်း အသွယ်သွယ်နဲ့ ကြိုးစားခဲ့တာတွေကို တန်ပြန် ထောက်ပြလိမ့်မယ်လို့ ခရစ္စမာက ဆိုတယ်။

 ဂျကာတာ အခြေစိုက် ဟာဘီဘီ နိုင်ငံတကာ လေ့လာရေး စင်တာရဲ့ သုတေသီ တဦးဖြစ်သူ မက်ဘ်ဒါ ဟာရူနီဆာ ဆီဒစ်က အရှေ့တီမော အစိုးရထဲမှာတင် ဝန်ကြီးချုပ် ဂူစ်မာအိုပြောတဲ့ စကားတိုင်းဟာ သမ္မတ ဟော်တာလို တခြား အစိုးရ ခေါင်းဆောင်တွေရဲ့ သဘောထား အမြင်ကို ကိုယ်စားပြုတယ်လို့ ယူဆလို့ မရကြောင်း ထောက်ပြခဲ့ပါတယ်။

 “အရှေ့တီမောက အာဆီယံ အဖွဲ့ဝင်ဖြစ်ဖို့ ဆယ်စုနှစ် တခုလောက် အသည်းအသန် ကြိုးစားခဲ့တာပါ။ နိုင်ငံ ခေါင်းဆောင်ပိုင်းကြားမှာ အမြင်မတူတာတချို့ ရှိရုံနဲ့တော့ အာဆီယံ အဖွဲ့ဝင်ဖြစ်ခွင့် မျှော်လင့်ချက်ကို အရှေ့တီမောက အမှန်တကယ် လက်လွှတ်ပါ့မလား”လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ တကယ်တော့ အာဆီယံ အဖွဲ့ဝင် ဖြစ်ရေးဟာ အရှေ့တီမောရဲ့ နိုင်ငံခြားရေး မူဝါဒတွေထဲမှာ အရေးအကြီးဆုံး ရေရှည် မျှော်မှန်းချက်အဖြစ် ရှိခဲ့ပြီးသားလို့ သူက ပြောပါတယ်။

 စီးပွားရေးနဲ့ ပထဝီဝင် နိုင်ငံရေး ကဏ္ဍတွေကို အထူးတလည် ထည့်သွင်းစဉ်းစားဖို့ လိုသလို အရှေ့တီမော နိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံနဲ့ ပူးပေါင်းချင်ရင် အာဆီယံရဲ့ လမ်းစဉ်တွေကို အသားကျအောင်တော့ ကြိုးစားရမှာပဲလို့လည်း ဆီဒစ်က မှတ်ချက်ပေးသွားပါတယ်။

“အာဆီယံရဲ့ သဘောသဘာဝကိုက ဆုံးဖြတ်ချက် ချမှတ်ရမယ့် ကိစ္စတိုင်းမှာ အပေးအယူလုပ် ညှိနှိုင်းမှု နည်းလမ်းကို ထဲထဲဝင်ဝင် လက်ကိုင်ပြုလေ့ ရှိတယ်။ ဒီတော့ သဘောတူညီချက်တွေကလည်း စင်းလုံးချော ပြည့်စုံ ကောင်းမွန်နေတာမျိုး မဖြစ်နိုင်တဲ့ အခြေအနေတွေက ပိုများကောင်း များနေပါလိမ့်မယ်”လို့ သူက ပြောကြားသွားပါတယ်။

 (South China Morning Post၏ Myanmar crisis reflects East Timor’s ‘difficult balancing act’ in Asean accession bid ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)