ကလေးမြို့အနီးက သာစည်ရွာကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မီးရှို့

သြဂုတ်၊ ၁၈
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ နှစ်မိုင်လောက်အကွာမှာရှိတဲ့ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၆ ရက်ကနေ ဒီကနေ့ ၁၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” သာစည်ရွာထဲမှာက စစ်တပ်ရှိနေတယ်။ PDF တွေလည်း အဲတဝိုက်ပဲ။ တိုက်ပွဲလည်း ဖြစ်နေကြတာ။ သူတို့ (စစ်တပ်)က ပစ်ခတ်မှုမရှိလည်း အိမ်တွေကို မီးလိုက်ရှို့နေတာ။ မီးခိုးလုံးတွေ အခုထိ မြင်နေရတုန်းပဲ ” လို့ ကလေး ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
အိမ်ခြေတထောင်ရှိတဲ့ သာစည်ကျေးရွာမှာ လက်ရှိမှာတော့ နေအိမ် သုံးဆယ်ထက်မနည်း မီးရှို့ခံထားရပြီး ဒေသခံတွေကတော့ နှစ်ဖက်တိုက်ပွဲတွေ စဖြစ်တဲ့ သြဂုတ်လ ၁၅ ရက်ကတည်းက ရွာလုံးကျွတ် စစ်ဘေးကနေ တိမ်းရှောင်နေရပါတယ်။
 
” အစကတော့ ရွာထဲ ရွာခံတွေ နည်းနည်းရှိသေးတယ်၊ ငြိမ်ရင်ပြန်ဝင်လိုက် တိုက်ပွဲဖြစ်ရင် ပြန်ထွက်လိုက် လုပ်နေကြတာ၊ အခုတော့ ရွာလုံးကျွတ်ရှောင်ကြကုန်ပြီ” လို့အဲဒီ ကလေးမြို့ခံက ပြောပါတယ်။
 
အင်းအားတရာကျော်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ကနေ သာစည်ရွာဘက်ကို သြဂုတ်လ ၁၅ ရက်၊ မနက်အစောပိုင်းမှာ စထွက်လာပြီး မနက် ၉ နာရီလောက်မှာပဲ ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရပါဘူး။
 
” အဲနေ့ (သြဂုတ် ၁၅ ရက်) မနက် ၉ နာရီကနေ ၁၀ နာရီခွဲလောက်အထိ လေယာဉ်နဲ့ တောက်လျှောက်ပစ်နေတာ။ ရွာထဲကိုတော့ အဲနေ့ညဘက်မှာ သူတို့ဝင်နိုင်သွားတယ် ” လို့ နောက်ထပ် ကလေးမြို့ခံတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ အဲဒီနေ့ မနက်ကနေ ဒီကနေ့ အထိ သာစည်ရွာကို ဆက်တိုက်မီးရှို့နေပြီး လက်နက်ကြီး ပစ်ခတ်သံတွေလည်း မကြာခဏကြားနေရတဲ့အကြောင်းကိုလည်း ဒေသခံတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း သာစည်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရွာထဲရှိ နေအိမ် ခြောက်လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ