သြဂုတ်၊ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်က မန်နေဂျာအမျိုးသားတဦး ဩဂုတ် ၁၇ ရက်၊ ည ၁၀ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံရခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ ဆိုင်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ကြားရတာပဲ။ ဘာကြောင့် ပစ်သွားတာလဲတော့ မသိဘူး ” လို့ လုံးခင်းဒေသခံတဦးက DNA ကို ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ အမျိုးသားဟာ အသက် ငါးဆယ်အရွယ် Green City KTV ဆိုင်မှာ မန်နေဂျာတာဝန်နဲ့ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူ့ကိုဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက် (၁)မှာ ဖွင့်လှစ်ထားတဲ့ Green City KTV ကို အမည်မသိ လူငယ်နှစ်ဦး ဆိုင်ကယ်နဲ့ရောက်ရှိလာခဲ့ပြီး ဆိုင်မန်နေဂျာဖြစ်သူကို သေနတ်နဲ့ လေးချက်ခန့် ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာအချို့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ KTV ကိုတော့ လတ်တလော ပိတ်ထားတာ တွေ့ရသလို သေဆုံးခဲ့တဲ့ အမျိုးသားကိုလည်း လူမှုကူညီရေးအသင်းတွေက ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီးမှာ မျက်နှာကို အဝတ်စနဲ့စည်းကာ၊ လက်နောက်ပြန်ကြိုး တုပ်ပြီး အသတ်ခံထားရတဲ့ အမည်မသိ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိရပြီး ဩဂုတ် ၁၇ ရက် တရက်ထဲမှာပဲ အမျိုးသားသုံးဦး သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာက ရှင်းရင် KTV နဲ့ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးကို အမည်မသိလူတစုက ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သလို ဩဂုတ် ၂ ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အနီးမှာ အမျိုးသားတဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေ မကြာခဏဖြစ်ပေါ်နေသလို ပိုင်ရှင်မဲ့ ရုပ်အလောင်း တွေကိုလည်း တွေ့ရတတ်ပေမယ့် တရားခံတွေကိုတော့ ဖမ်းဆီးရမိတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ဟာ ကျောက်စိမ်း အဓိကထွက်ရှိရာ ဒေသဖြစ်တာကြောင့် နိုင်ငံတဝန်းက လူမျိုးပေါင်းစုံ လာရောက်အလုပ်လုပ်ကိုင်နေကြသလို စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေရဲ့ ကျောက်လုပ်ကွက်တွေ အများအပြားလည်း ရှိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – Social Media