သြဂုတ်၊ ၁၈
ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေကြားမှာ ရက်သတ္တပတ်နှစ်ပတ်နီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ KNDF က ဒီကနေ့ သြဂုတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကစပြီး ၁၄ ရက်နေ့အထိ ဖရူဆိုမြို့နယ်အတွင်းက ထွေလီဗီလာကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာ တွေတလျှောက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေအတွင်းမှာ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာ မှာရှိတဲ့ ဘုရားကျောင်းတခုကို ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့ ညပိုင်းက စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့သတင်းထုတ်ပြန်ချက်မှာ ဓါတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြထားပါတယ်။
ထီးသော်ကူးကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်မှာ စစ်ကောင်စီက တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ရွာထဲက ” သနားခြင်းမယ်တော် ” ကျောင်းနဲ့ ဘုရားကျောင်းအဆောက်အဦတချို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNDF ကဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သလို ထပ်မံပြီးတိုက်ပွဲတွေ ဖြစ်နိုင်တာကြောင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက် ပြည်သူတွေ ဖြတ်သန်းသွားလာခြင်း မလုပ်ဖို့ကိုလည်း KNDF က သတိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – KNDF