သြဂုတ်၊ ၁၇
မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ပိုင်း အုန်းတောတောင်ရွာ အနီးတွင် စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ မနေ့က မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
အုန်းတောတောင်ရွာထဲကို စစ်ကောင်စီက အင်အားခုနစ်ဆယ်ကျော်နဲ့ မနေ့က မနက် ရှစ်နာရီဝန်းကျင်မှာ စစ်ကြောင်းထိုးလာတာကြောင့် မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ရွာထဲက ပြန်ထွက်လာချိန်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ သူတို့ရွာ ပြင်ထွက်လာချိန် စောင့်ပြီး တိုက်ခိုက်ခဲ့တာ ” လို့ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီဘက်က သုံးဦးလဲကျသွားတာကို မျက်မြင်တွေ့ရပြီး တိုက်ပွဲအပြီး စုံစမ်းချက်တွေအရလည်း သုံးဦးသေကာ တဦး ဒဏ်ရာရပြီး ပေါက်ဆေးရုံမှာ ကုသနေရတယ်လို့ သိရကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ တဦးဒဏ်ရာရခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေတွေကို DNA က သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုထားတာ မရှိပါဘူး။
စစ်ကောင်စီစစ်ကြောင်း အုန်းတောရွာပြင်ကို ပြန်ထွက်လာချိန်မှာ ပေါက်မြို့ အိမ်တွင်းမှုသင်တန်းကျောင်း အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် မနေ့က ညနေလေးနာဝန်းကျင်မှာ စစ်ကောင်စီတပ်က ကားအစီးသုံးဆယ်ပါ ယာဥ်တန်းနဲ့ ပေါက်မြို့နယ်ထဲကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှု တွေကြောင့် အုန်းတော တောင်ရွာ၊ မြောက်ရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ နှစ်ထောင်ကျော် ယာယီ တိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ ဒေသခံတချို့ ရွာထဲပြန်ဝင်နေကြပြီလို့ သိရပါတယ်။
မနေ့က တိုက်ပွဲမှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၃)၊ တပ်ခွဲ (၅)၊ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Social Media