ကမ္ဘာ့ရွှေ ဈေးကျပေမယ့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်

သြဂုတ်၊ ၁၇
 
ကမ္ဘာ့ရွှေဈေး ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေးကတော့ တရိပ်ရိပ်ဆက်လက်မြင့်တက်နေပြီး တကျပ်သား ကျပ် ၃၉ သိန်း နီးပါးအထိ ဖြစ်လာပြီး ဈေးကွက်အတွင်းမှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်သဘောမျိုး ဖြစ်နေတယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဒီကနေ့ ဈေးကွက်ပေါက်ဈေးအရ ပြည်တွင်းရွှေဈေး တကျပ်သား ကျပ် ၃၈၇၀၀၀၀ အထိ ရှိနေပြီး အတက်ဘက်ကို ဆက်လက်ဦးတည်နေတယ်လို့ ရန်ကုန်မြို့က ရွှေကုန်သည်တဦးက ပြောပါတယ်။
“ တကယ့်တကယ်ဆိုင်တွေမှာ အဲ့လို သတ်မှတ်ထားတာမရှိဘူး၊ ရွှေကိုကြည့်တယ် ကြိုက်ဈေးပေးတယ် ကြိုက်ရင် ရောင်းကြတယ်၊ မကြိုက်ရင် မရောင်းဘူး အဲ့လိုမျိုး ဖြစ်နေကြတာ “ လို့ လှည်းတန်းက ရွှေကုန်သည်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေညာပြီးကတည်းက ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေကြေးနဲ့ ရွှေအရောင်းအဝယ်အပေါ် တင်းကျပ်မှုတွေ ပြုလုပ်ပြီး အရေးယူမယ်လို့ ဩဂုတ် ၁၂ ရက်က အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာလည်း ရွှေဈေးနဲ့ ဒေါ်လာဈေး ပြန်ကျသွားတာ မရှိဘဲ ဆက်လက်မြင့်တက်နေတာပါ။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တအောင်စကို ၁၈၉၄ ဒေါ်လာအထိ ကျဆင်းနေပေမယ့် မြန်မာကျပ်ငွေတန်ဖိုး ကျလာတာကြောင့် ဒေါ်လာဈေး မြင့်တက်ကာ ပြည်တွင်းရွှေဈေးလည်း ထိန်းမရအောင် မြင့်တက်နေတာလို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။
 
နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မကြေညာခင် ဇူလိုင် ၂၃ ရက်မှာ အမေရိကန် တဒေါ်လာကို ၃,၁၇၂ ကျပ်၊ တယူရို ၃,၅၃၀ ကျပ် စင်္ကာပူတဒေါ်လာ ၂,၃၈၄ ကျပ်၊ ထိုင်းတဘတ် ၉၂ ကျပ် ပေါက်ဈေး ရှိခဲ့ပါတယ်။
 
ဒါပေမယ့် ဒီကနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၇၇၉ ကျပ်၊ တယူရို ၄, ၀၇၀ ကျပ်၊ စကာပူတဒေါ်လာ ၂,၈၀၆ ကျပ် နဲ့ ထိုင်းတဘတ်ကို ၁၀၅ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး အချိန်အလိုက် အပြောင်းအလဲ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
 
ဓာတ်ပုံ – Google