ဒီးမော့ဆို-ဖရူဆို ခြေလျင်သုံးနာရီခရီးကိုလာတဲ့ စစ်ကောင်စီတပ် လဝက်ကြာတဲ့အထိ လမ်းတဝက်ပင်မရောက်

သြဂုတ်၊ ၁၇
 
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ ကနေ ဖရူဆိုမြို့ ဘက်ကို ခြေလျင်စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကရင်နီပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သုံးနာရီခရီးကို လဝက်ကြာတဲ့အထိ မရောက်နိုင်သေးဘဲ လမ်းခုလတ်မှာ ရပ်နားနေရတယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
အင်အား သုံးရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၂ ရက်ကတည်းက ဒီးမော့ဆိုမြို့ကနေ ခြေလျင် စထွက်လာတာဖြစ်ပြီး ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် သြဂုတ်လ ၁၅ ရက်အထိ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
 
ဒီးမော့ဆိုမြို့ အထွက်က ငွေတောင်ရွာသစ် နဲ့ မြို့ကနေ သုံးမိုင်လောက်ဝေးတဲ့ ထီးသော်ကူးရွာ တွေဘက်မှာတော့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိ အဲဒီရွာတွေရဲ့ အနီးတဝိုက်မှာပဲ ရပ်တန့်နေတယ်လို့ သိရပါတယ်။
 
” တိုက်ပွဲငြိမ်နေတာ နှစ်ရက်ရှိပြီ၊ ဘာလို့လဲဆိုတော့ ဒီကောင်တွေက အထိနာလို့ ဆက်မတိုးဘဲနဲ့ ရပ်နေတာ။ နှစ်ဖက်တိုက်ပွဲ မရှိပေမယ့် သူတို့ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာတော့ ရှိတယ် ” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့ဟာ ဆယ်မိုင်လောက်သာ ကွာဝေးပြီး ပုံမှန်အားဖြင့်ကားနဲ့ မိနစ်နှစ်ဆယ်ဝန်းကျင်၊ ခြေလျင် သုံးနာရီကျော်ခရီးသာ ရှိတာပါ။ ဒါပေမယ့် စစ်ကောင်စီတပ်တွေကတော့ နှစ်ပတ်ကျော်အကြာ ဒီကနေ့ သြ ဂုတ်လ ၁၇ ရက်အထိ လမ်းတဝက်တောင် မရောက်ကြသေးဘူးလို့ ဆိုပါတယ်။
 
” လမ်းက ဖြောင့်တော့ အခြေအနေကောင်းရင် မိနစ်နှစ်ဆယ်နဲ့ သွားလို့ရတယ်၊ ဒါပေမယ့် အခုက စစ်ဇုန်ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်တွေ ဖြတ်လို့မရအောင်တော့ ကျွန်တော်တို့ အကောင်းဆုံး ခုခံတိုက်ခိုက်နေတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားကို အကောင်းဆုံး ထိန်းချုပ်ထားတာ ” လို့ KNDF ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
 
အဲ့ဒီလမ်းတလျှောက် တိုက်ပွဲအတွင်း KNDF တပ်ရင်း (၄) က တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ တခြားကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ အသေးစိတ်မသိရပါဘူး။
 
အလားတူပဲ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှု များနေတယ်လို့သာ သိရပြီး ထိခိုက်ကျဆုံးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်နဲ့ စစ်လက်နက်ပစ္စည်း သိမ်းဆည်းရမှု အခြေအနေကိုတော့ အတည်ပြု ပြောကြားနိုင်တာမရှိသေးဘူးလို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဘက်ကတော့ အဲဒီ ဒီးမော့ဆိုမြို့အနီး တိုက်ပွဲတွေအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး လူထိခိုက်သေဆုံးတာ မရှိခဲ့ပေမယ့် လူနေအိမ်တချို့တော့ ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ သြဂုတ်လ ၂ ရက်ကတည်းက သတိပေးထုတ်ပြန်ထားပါတယ်။
 
လက်ရှိ အဲ့ဒီလမ်းပေါ် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လအကုန်မှာ ရှမ်းပြည်နယ်၊ ဖယ်ခုံကနေ တဆင့် လွိုင်ကော်ဘက်ကို ရောက်ရှိလာတဲ့ အင်အားတထောင်ကျော်ပါ စစ်ကောင်စီတပ်တွေထဲက တချို့ ဖြစ်ကြပြီး ကရင်နီတော်လှန်ရေးတပ်တွေကတော့ အဲဒီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ်ကို ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းဖို့ ရောက်လာတာလို့ ယူဆကြပါတယ်။
 
ဓာတ်ပုံ – KNDF (ပုံဟောင်း)