တနင်္သာရီတိုင်း လုံ/နယ် ဝန်ကြီးအဖြစ် စစ်တက္ကသိုလ်နည်းပြအရာရှိချုပ်ကိုခန့်အပ်

ဩဂုတ်၊ ၁၆

စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် စစ်တက္ကသိုလ်နည်းပြအရာရှိချုပ်ဖြစ်သူ ဗိုလ်မှူးကြီး မင်းမင်းလတ်အား အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်တပ်က တိုက်ရိုက်ခန့်အပ်တဲ့ လုံ/နယ်ဝန်ကြီး ပြောင်းလဲခန့်အပ်မှုလုပ်တာဟာ အခုတကြိမ်နဲ့ဆို သုံးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်ကာကွယ်ရေး၊နယ်စပ်နဲ့ပြည်ထဲရေးဝန်ကြီးတွေကို စစ်ခေါင်းဆောင်က  တိုက်ရိုက်ခန့်အပ်သလို ပြည်နယ်နဲ့တိုင်းအဆင့်မှာလည်း လုံ/နယ်ဝန်ကြီးတွေကိုလည်း တိုက်ရိုက်ခန့်အပ်ခွင့်ရတာပါ။

အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းထွက်ပေါ်နေတဲ့ အရင် လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနေရာမှာ ဗိုလ်မှူးကြီး မင်းမင်းလတ်ကို အခုလို အစားထိုး ခန့်အပ်လိုက်တာလို့ စစ်ကောင်စီမီဒီယာတွေက ဖော်ပြပါတယ်။

ဗိုလ်မှူးကြီး သိန်းလင်းကိုတော့ မြိတ်မြို့အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ ကော့သောင်းမြို့က အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့နဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လအကုန်လောက်မှာ နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

အခု ရာထူးကနေဖယ်ရှားခံရတဲ့ ဗိုလ်မှူးကြီး သိန်းလင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ လုံ/နယ်ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး သူ့အရင်ကတော့ ဗိုလ်မှူးကြီးကျော်ဇေယျနဲ့ ဗိုလ်မှူးကြီး သက်စိုးတို့ တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီး သိန်းလင်းနဲ့ အတူ ခေါ်ယူစစ်ဆေးခံနေရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနဲ့ အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ နေရာမှာလည်း အစားထိုးခန့်အပ်တာတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် Delta News Agency အနေနဲ့ကတော့ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့ရဲ့အစိုးရအဖွဲ့နဲ့စစ်တပ်အတွင်းမကြာခဏ အပြောင်းအလဲလုပ်လေ့ရှိသလို  ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက် အရေးပေါ်ကာလ သက်တမ်းခြောက်လတိုးပြီးနောက်မှာ စစ်ကောင်စီအစိုးရအဖွဲ့အတွင်းအပြောင်းအလဲပြုလုပ်ခဲ့ပါသေးတယ်။