စစ်ကောင်စီဖမ်းသွားတဲ့ ချဲထီရောင်းသူတဦး အကြမ်းဖက်ပုဒ်မနဲ့ပါအမှုဖွင့်ခံရ

ဩဂုတ်၊ ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ နှစ်လုံးချဲထီရောင်းနေသူတဦးကို စစ်ကောင်စီတပ်ဖွဲ့တွေကဖမ်းဆီးပြီးနောက် တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နေကြောင်း စစ်ဆေးတွေ့ရှိတယ်ဆိုကာ အကြမ်းဖက်ဥပဒေနဲ့ပါအမှုဖွင့် အရေးယူထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

“ဖုန်းထဲ စစ်တော့ PDF တွေကို စကားပြောထားတယ်၊ ထောက်ပံ့မှုတွေ လုပ်နေတယ်ဆိုပြီးတော့ သူတို့က အ ကြမ်းဖက်ဥပဒေနဲ့ ထပ်ပြီး အရေးယူလိုက်တာ” လို့ ဖမ်းဆီခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါ တယ်။

ကျိုက်ထိုမြို့နယ် ကံ့ကော်ရပ်ကွက် ရှမ်းဈေးရှေ့ကွမ်းယာဆိုင်မှာ နှစ်လုံးထီရောင်းချနေတဲ့ ဒေါ်ချိုချိုသန်းကို ဩ ဂုတ်၁၅ ရက်မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ဆေးရာမှာ ဒေါ်ချိုချိုသန်းအသုံးပြုနေတဲ့ လက်ကိုင်ဖုန်းအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေကို စကားပြောဆိုထားတာနဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတာကို စိစစ်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အသက် ၅၂ နှစ်အရွယ် ရှိတဲ့ ကျိုက်ထိုဒေသခံ ဒေါ်ချိုချိုသန်းကို စစ်ကောင်စီက လောင်းကစားဥပဒေ ပုဒ်မ-၁၈(က)/ ၁၉(က)အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)နဲ့ ထပ်မံအမှုဖွင့် အရေးယူခဲ့ တယ်လို့သိရပါတယ်။

“အန်တီက အသက်ကြီးနေပါပြီ၊သူနှစ်လုံးထီရောင်းတာတော့ ဟုတ်တယ်၊ဟိုPDF တွေကို ထောက်ပံ့နေတာ ဆို တာကသိပ်မယုံချင်ဘူး၊သူ့အိမ်ကလည်း အဲလိုမျိုးထောက်ပံ့တယ်ဆိုတာ ဘာညာ ပြောတာမျိုးလည်းမရှိဘူး၊ ဒါက သက်သက်ကို ငွေညှစ် ချင်တာပဲလို့ မြင်တယ်” လို့ ဖမ်းဆီခံရသူရဲ့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

လက်ရှိမှာ ဒေါ်ချိုချိုသန်းကို စစ်ကောင်စီကကျိုက်ထိုမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး လာမယ့် ရက်ပိုင်း အတွင်း ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ရှေ့နေတွေနဲ့ လိုက်နေတယ်လို့ ပြောတယ်၊ အဲဒီအကြမ်းဖက်ပုဒ်မနဲ့ပတ်သက်ပြီး အိမ်ကလည်း သိမ့်အဆင်ပြေ တာမဟုတ်ဘူး” လို့ အထက်ပါနီးစပ်သူက ပြောပါတယ်။

 စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်မှာဆိုရင် NUG , PDF တွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ် နေတဲ့ စွပ်စွဲချက်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန် လည်လွတ်မြောက် ဖို့အတွက် စစ်ကောင်စီကို ငွေကျပ်သိန်းရာနဲ့ချီပေးခဲ့ရတာမျိုးရှိတယ်လို့ လွတ်မြောက်လာသူ တချို့ကပြောကြပါတယ်။

ဒါ့အပြင် ဒီလိုဖမ်းဆီးခံရတဲ့သူတွေထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်မှုမရှိဘဲအမှုဆင်စွပ်စွဲ ခံရပြီး ဖမ်းဆီးငွေညှစ်ခံခဲ့ရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ အခုလ ၁၅ ရက်အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရတဲ့သူ (၂၄၂၆၅)ဦးအထိရှိပြီး အဲဒီ အထဲက (၁၉၇၅၈)ဦးက ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ကာ (၇၀၄၁)ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။