မြိုင် ကပဖ ရဲဘော်တဦး လက်နက်နဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွား

သြဂုတ်၊ ၁၆
 
မကွေးတိုင်း၊ မြိုင်မြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တဦး ဟာ M-16 သေနက်တလက်နဲ့အတူ သြဂုတ်လ ၁၅ ရက်၊ နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီတပ်ထံ ပူးပေါင်းသွားပါတယ်။
 
“ ရန်ဖြစ်တာဘာတာတွေ တခုမှ မရှိဘူး။ အဆင်မပြေတာလည်း မရှိဘူး။ သူက အရင်တုန်းက ခွေးနဲ့ပေါင်းသွားတဲ့ သူတွေနဲ့ သူငယ်ချင်းတွေ။ ဟိုးစစ်ကိုင်းဖက်က ကောင်တွေ ။ သူတို့အချင်းချင်း ဆွဲခေါ်တာရှိမှာ “ လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ငါးလအတွင်း ပခုက္ကူမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေထဲက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ဝင် ကိုးဦး ရှိခဲ့ပြီး အခုတယောက် သွားရောက်ပူးပေါင်းတာနဲ့ဆို ဆယ်ယောက်မြောက်ဖြစ်တယ်လို့ သိရပါတယ်။
 
ပခုက္ကူမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် တက်တူး (ခ)ဘခက် (ခ) ထက်မြတ်အာကာဝေယံမိုးမြင့် ဟာ မြိုင်မြို့နယ်၊ ပအဖမှာ တာဝန်ထမ်းဆောင်တာ နှစ်နှစ်နီးပါးရှိပြီး ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာက စစ်ကောင်စီတပ်နဲ့ သွားရောက်ပူးပေါင်းခဲ့တာပါ။
 
ထွက်ပြေးသွားသူဟာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ် အခြေစိုက် တော်လှန်ရေးစခန်းတွေအပြင် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ နေထိုင်တဲ့ နေရာတွေကို အကြိမ်ကြိမ်ရောက်ဖူးတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါကြောင့် မြိုင်မြို့နယ် အနီးအနားတဝိုက်မှာ အခြေပြုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေသာမက တော်လှန်ရေးအင်အားစုတွေအနေနဲ့ စခန်းတွေရွှေ့ပြောင်းကြဖို့ကို မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားပါတယ်။
 
” သူက ယုံကြည်ရတယ်ဆိုပြီး မြိုင်မှာ ခေါ်ထားတာ။ ဒါကိုဒီလိုလုပ်သွားတာ။ သူက စခန်းခုနှစ်ဆယ်လောက်ကို သိထားတယ်။ အဲ့ဒါကြောင့် စာလည်း ထုတ်ထားတယ်။ လုံခြုံရေးအရ နေရာတွေ ရွှေ့ပြောင်းဖို့ပေါ့။ ညကတည်းက တချို့တဝက်တော့ ရွှေ့ပြောင်းပြီးပြီ ” လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ