ရုရှားနဲ့ ဘီလားရုစ်ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖို့ စစ်အေးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံး စစ်အင်အားပြခဲ့တဲ့ ပိုလန်

သြဂုတ်၊ ၁၆

ရုရှားနဲ့ ဘီလားရုစ်ဆီက ရန်လိုမှုတွေ မြင့်တက်လာတဲ့ အခြေအနေမှာ NATO အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ပိုလန်က စစ်ရေးပြ ချီတက်ပွဲကြီးတခု ကျင်းပပြီး နိုင်ငံရဲ့ စစ်အင်အားကို ထုတ်ပြခဲ့ပါတယ်။

၁၉၂၀ ပြည့်နှစ်တုန်းက ဆိုဗီယက် တပ်တွေအပေါ် အောင်ပွဲခံခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနားမှာ ပိုလန်စစ်တပ်ဟာ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး စစ်လက်နက်တွေကို ခင်းကျင်း ပြသခဲ့ပါတယ်။ ဒါဟာ စစ်အေးခေတ် နောက်ပိုင်း ပိုလန်မှာ တွေ့ဖူးသမျှ အကြီးဆုံး စစ်ရေးပြပွဲလည်း ဖြစ်လာခဲ့ပါတယ်။

ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီး ပိုလန်ကိုပါ ရန်လိုတဲ့ သဘောထားတွေ ပြသနေသလို ရုရှားရဲ့ မဟာမိတ် ဘီလားရုစ်ကလည်း Wagner ကြေးစားတပ်တွေကို ပိုလန် နယ်စပ်နားမှာ ဖြန့်ကျက်လာတဲ့ အခြေအနေနဲ့ တိုက်ဆိုင်ပြီး ပိုလန်ရဲ့ စစ်ရေးပြ အခမ်းအနားကို စီစဉ် ကျင်းပခဲ့တာပါ။

ဆိုဗီယက်ရဲ့ တပ်နီတော်ကို ၁၉၂၀ ပြည့်နှစ်က ဝါဆောတိုက်ပွဲမှာ အနိုင်ယူခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ပိုလန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များနေ့ကို ကျင်းပခဲ့တာ အခုဆိုရင် ၁၀၃ နှစ် တိုင်ခဲ့ပါပြီ။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေ ဥရောပဆီ ထိုးဖောက်လာမှုကို ပိုလန်တပ်တွေက ဟန့်တားနိုင်ခဲ့ပါတယ်။

ဝါဆောမှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ ချီတက်ပွဲမှာတော့ နိုင်ငံရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ သမ္မတ အန်ဒါဇက်ဂျ် ဒူဒါက နိုင်ငံရဲ့ အရှေ့ပိုင်း နယ်နိမိတ်ကို လုံခြုံအောင် ကာကွယ်ရေးဟာ ပိုလန်အပြင် ဥရောပ သမဂ္ဂနဲ့ NATO စစ်မဟာမိတ် အဖွဲ့တို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက် တခုဖြစ်တယ်လို့ မိန့်ခွန်းပြောသွားခဲ့ပါတယ်။

ဝါဆောမှာ အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက် မြင့်တက်နေပေမယ့်လည်း ပြည်သူတွေက အမေရိကန်လုပ် Abram တင့်ကားတွေ၊ HIMARS လက်နက်ကြီးနစ်တွေ၊ Patriot ဒုံးကျည်စနစ်တွေ ချီတက်လာတဲ့ မြင်ကွင်းကို နိုင်ငံတော် အလံတွေ ဝှေ့ရမ်းရင်း စောင့်ကြည့်နေခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ၊ တောင်ကိုရီးယားလုပ် FA-50 တိုက်လေယာဉ်တွေနဲ့ K9 အမျိုးအစား ဟောင်ဝစ်ဇာ စက်အမြောက်ကြီးတွေကိုပါ ပြသသွားပါတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး၊ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်လို့ သတ်မှတ်ထားတဲ့ အမေရိကန်လုပ် F-35 တစီးကလည်း ဝါဆောမြို့ ကောင်းကင်ယံကနေ ဖြတ်ပျံသွားပြီး ပိုလန်ဟာ ဒီလို စစ်လက်နက်တွေ ပိုင်ဆိုင်နေတယ် ဆိုတာကို ပြသသွားပါတယ်။

ပိုလန်မှာ ပြည်တွင်းဖြစ် တပ်ဆင်ထုတ်လုပ်တဲ့ Krab ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ Rosomak သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုလည်း စစ်ရေးပြပွဲမှာ တွေ့ရပါတယ်။ ပိုလန်ရဲ့ စစ်ရေးပြ ချီတက်မှုမှာ ပိုလန် တပ်ဖွဲ့ဝင် ၂၀၀၀ လောက်အပြင် NATO နိုင်ငံတချို့က စစ်သည် တချို့ပါ ပူးပေါင်း ချီတက်ခဲ့ပြီး စစ်သုံးယာဉ်တွေနဲ့ တခြား လက်နက်မျိုးစုံ တပ်ဆင်ထားတဲ့ ယာဉ် အစီး ၂၀၀ ကျော်၊ လေယာဉ် အစီး ၁၀၀ ဝန်းကျင် ပါဝင်ခဲ့ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားတဲ့ စစ်အေးခေတ် နောက်ပိုင်းတလျှောက် ကာလတွေအတွင်း ပိုလန်မှာ အဲဒီလောက် ကြီးမားတဲ့ စစ်ရေးပြပွဲမျိုး ပထမဆုံးအကြိမ် ပြန်တွေ့မြင်ရတာပါ။

ပိုလန်နဲ့ တခြား NATO အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ လစ်သူယေးနီးယားတို့ဟာ ရုရှားပိုင် ကာလင်နီဂရတ် ကမ်းမြှောင်ဒေသနဲ့ နယ်စပ်ချင်း ထိစပ်နေပါတယ်။ နောက်ပြီး ပိုလန်နိုင်ငံ အရှေ့ပိုင်းမှာတော့ ဘီလားရုစ်နိုင်ငံ၊ ရုရှားနဲ့ လက်ရှိ စစ်ဖြစ်နေတဲ့ ယူကရိန်း နိုင်ငံတွေနဲ့ပါ ဆက်စပ် တည်ရှိနေပါတယ်။  

 

Ref: Bloomberg