အခုနှစ်ထဲ စစ်အုပ်ချုပ်ရေးမြို့နယ်တွေကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု စံချိန်တင့်မြင့်လာ

သြဂုတ်၊ ၁၅
 
ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး ထားဝယ်အထူးစီးပွားရေးဇုန် အနီးရှိ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က သြဂုတ်လ ၁၄ ရက် မနက်ပိုင်းမှာ ဧကနိကျေးရွာအတွင်း နေအိမ် သုံးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” မီးခိုးလုံးတွေကိုတော့ အဝေးက မြင်နေရတာ၊ ရွာထဲ (ဧကနိ) လူဝင်လို့ မရသေးတော့ ဘယ်နှစ်လုံး ရှို့ခံထိလဲတော့ မသိဘူး။ သုံးဆယ်ကျော်လောက်တော့ ရှို့ခံထိမယ် ခန့်မှန်းကြတယ်။ စစ်တပ်က ရွာထဲမှာပဲ ရှိနေသေးတယ် ” လို့ နဘုလယ် ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ဒါ့အပြင် ဧကနိကျေးရွာအနီး ပစ်ခတ်သံတွေ ကြားနေရပေမယ့် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု အခြေအနေကိုတော့ အတိအကျ မသိရဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဧကနိကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ ရုပ်အလောင်းဓာတ်ပုံနဲ့တကွ ဖော်ပြထားပေမယ့် Delta News Agency ကတော့ အတည်မပြုနိုင်သေးပါဘူး။
 
လက်ရှိမှာတော့ ဧကနိကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေပြီး ရွာခံတွေကတော့ ရွာလုံးကျွတ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
ထားဝယ်အထူးစီးပွားရေးဇုန်ရှိ တပ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော်ဟာ စစ်ကြောင်းသုံးကြောင်းလောက်ခွဲပြီး ဝက်ချောင်း၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဝဇွမ်းတောနဲ့ ဧကနိ စတဲ့ ကျေးရွာတွေဘက်ကို သြဂုတ်လ ၈ ရက်ကနေ ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာပါ။
 
အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းတလျှောက် ဒေသခံ ငါးဆယ်နီးပါးကို ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၁၂ ရက်လောက်မှာ အများစုကို ပြန်လွှတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်ထိ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံနေရတဲ့ ဒေသခံ ဆယ်ဦးထက်မနည်း ရှိသေးတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းတလျှောက် နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက် ခိုးယူတာတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်ကလည်း ဝဇွမ်းတောကျေးရွာက နေအိမ် သုံးလုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမှာတော့ စစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အနီးအနားကျေးရွာတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်မှာတော့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေထဲက အသက် ၁၇ နှစ်ရှိ လူငယ်တဦး နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
 
” သူက ကျနော်တို့ရွာမှာ လာရှောင်နေရင်းနဲ့ နေမကောင်းဖြစ်တာ။ မြို့ပေါ် (ထားဝယ်) ဆေးရုံတင်ဖို့ လုပ်သေးတယ်။ မတင်ခင်ပဲ ဆုံးသွားတယ်။ နေ့ချင်းပဲ သဂြိုလ်လိုက်ရတာ ” လို့ လဲရှောင်ရွာ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ ရပ်နားထားတဲ့ ရေနက်ဆိပ်ကမ်းပါ ထည့်သွင်းတည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အာဏာသိမ်းပြီးမှာ စစ်ကောင်စီက ပြန်လည်စတင်ဖို့ ပြောထားပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စီမံကိန်းကို လာရောက်ကြည့်ရှုခဲ့ဖူးပါတယ်။
 
အဲဒီနောက်မှာ ထားဝယ်မြို့နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က အခု ၂၀၂၃ ခုနှစ် အစပိုင်းက စလို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ မကြာခဏလုပ်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။
 
ဓာတ်ပုံ – The Tanintharyi Times