သြဂုတ်၊ ၂၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဘက် သာစည်ရွာ နဲ့အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းကနေပါ ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
” မနက်ပိုင်းမှာ စစ်ကြောင်း စထိုးတာ၊ ကိုးနာရီကျော်မှာ ရဟတ်ယာဥ်နဲ့ စပစ်တာ၊ မီးလုံးတွေ အတိုင်းသားမြင်နေရတယ်ဗျ၊ မြို့တောင်ဘက် သာစည်ရွာ ဝန်းကျင်တွေကို ပစ်တာ ” လို့ မြို့ခံတဦးက ပြောပါတယ်။
သာစည်ကျေးရွာဟာ ကလေးမြို့ တောင်ဘက်သုံးမိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အဲဒီရွာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။
ဒီကနေ့မနက်မှာတော့ စစ်တပ်က သာစည်ရွာကို စစ်ကြောင်းထိုးပြီး လေကြောင်းကပါ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
” တလုံးဆိုရင် သာစည်နဲ့ အဖွဲ့ စပ်ကြား ကျတာဗျာ၊ မြို့နဲ့ အတော်နီးတာပေါ့၊ အဲ့နားက ကိုယ်ပိုင်ကျောင်း တကျောင်းပါ ဒီကနေ့ပိတ်ပြီး ကလေးတွေ ပြန်လွတ်လိုက်ရတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကောင်စီတပ်တို့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ခုရက်ပိုင်းအတွင်း ကလေးမြို့ အနောက်ဘက်နဲ့ တောင်ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာပါ။
ခုလိုစစ်ကြောင်းထိုးနေတာဟာ ဒ.က.စ မှူးအသစ် ရောက်လာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ်လ ၁၀ ရက်ကလည်း ကလေးမြို့အနောက်ပိုင်း မွန်ထာ၊ မြို့လှ၊ အင်ဒိုင်းကုန်း၊ စက္ကန့်ကျေးရွာ တွေဘက်ကို စစ်ကြောင်းထိုးရာက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။
ဓာတ်ပုံ – CJ