ရုရှားတောင်ပိုင်းမှာ ဓာတ်ဆီဆိုင် ပေါက်ကွဲ မီးလောင်မှုကြောင့် သုံးဆယ်နီးပါး သေဆုံး

သြဂုတ်၊ ၁၅

ရုရှားနိုင်ငံမှာ ဆီဆိုင်တခု ပေါက်ကွဲပြီး မီးကူးစက် လောင်ကျွမ်းမှုတွေကြောင့် လူ ၃၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရုရှားတောင်ပိုင်းမှာရှိတဲ့ ကက်စ်ပီးနား ပင်လယ် ဆိပ်ကမ်းနဲ့ ထိစပ်နေရာ ဒါဂျက်စတန် ပြည်နယ်ရဲ့မြို့တော် မက်ဟက်ချ်ခါလာမှာ ဩဂုတ် ၁၄ ရက် ညပိုင်းက ဆီဆိုင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

လက်ရှိ အချိန်ထိ အသေအပျောက် ၂၈ ဦးထိ စာရင်းရထားပြီး လူပေါင်း ၇၀ နီးပါးလောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ တချို့ ဒဏ်ရာပြင်းထန်သူတွေကိုတော့ မော်စကို မြို့တော်ထိ ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ခဲ့ရပါတယ်။

ဆီဆိုင်မှာ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ လောင်ကျွမ်းတဲ့ မီးပမာဏက အရမ်းများပြားပြီး ညဖက် ကောင်းကင်ယံမှာ မီးရောင်တွေ ရဲရဲနီ ထင်ဟပ်နေတာကို တွေ့ရပါတယ်။

မီးငြှိမ်းသတ်ဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူအင်အား ၂၆၀ ကျော်လောက်ကို အသုံးပြုခဲ့ရပါတယ်။ ကယ်ဆယ်ရေးတွေကတော့ သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ ဦး ပါဝင်တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် စတုရန်းပေ ၆၅၀၀ နီးပါးလောက် အကျယ်အဝန်းဟာ လုံးဝဥဿုံ မီးလောင်ပြင်ဘဝ ရောက်သွားခဲ့ပါတယ်။

ဒေသခံတွေကတော့ နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်ခြေ ရှိတဲ့အတွက် တာဝန်ရှိသူတွေက သူတို့ကို အရေးပေါ် ပြောင်းရွှေ့ဖို့ လာရောက် ညွှန်ကြားခဲ့ကြကြောင်း ပြောပါတယ်။

ဒါဂျက်စတန်ဟာ ရုရှားရဲ့ တောင်ဖက်စွန်း အကျဆုံး ပြည်နယ်တွေထဲက တခုဖြစ်ပါတယ်။

 

Ref: CNN